ယူကရိန်းအတွက် လုံခြုံရေးအကူအညီသစ် ဒေါ်လာ သန်း ၈၀၀ အမေရိကန် ထပ်ပေးမည်

ယူကရိန်းအတွက် လုံခြုံရေးအကူအညီသစ် ဒေါ်လာ သန်း ၈၀၀ အမေရိကန် ထပ်ပေးမည်

မတ် ၁၆

ယူကရိန်းအတွက် လုံခြုံရေးဆိုင်ရာ အကူအညီသစ်အဖြစ် ဒေါ်လာ သန်း ၈၀၀ ပေးအပ်မည့်အကြောင်း အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင်က ဗုဒ္ဓဟူးနေ့တွင် ကြေညာလိမ့်မည်ဟု အိမ်ဖြူတော် အရာရှိတစ်ဦးက ပြောသည်။

ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇယ်လန်စကီး အမေရိကန် ကွန်ဂရက်သို့ မိန့်ခွန်းပြောဆိုမည် ဖြစ်ပြီး အဆိုပါ မိန့်ခွန်းပြောဆိုမှုအပြီး မကြာမီ ထိုကြေညာချက် ထွက်ပေါ်လာရန် ရှိနေသည်။

သမ္မတ ဘိုင်ဒင် ထုတ်ဖော်ကြေညာမည့် အဆိုပါ အကူအညီသစ်အရဆိုလျင် တစ်ပတ်အတွင်းမှာပင် ယူကရိန်းအတွက် အမေရိကန်က ပေးအပ်သည့် စုစုပေါင်း အကူအညီ ပမာဏမှာ ဒေါ်လာ ၁ ဘီလီယံအထိ ရှိသွားမည် ဖြစ်ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိကြီးက ယမန်နေ့က ပြောသည်။

ယူကရိန်းသမ္မတ ဇယ်လန်စကီးသည် ဗုဒ္ဓဟူးနေ့ အစောပိုင်း အမေရိကန်ကွန်ဂရက်၌ အွန်လိုင်းမှတစ်ဆင့် မိန့်ခွန်းပြောကြားမည် ဖြစ်ပြီး နောက်ထပ်  အကူအညီများ ထပ်ရရေး တောင်းဆိုမှုများ ထပ်လုပ်သွားရန် ရှိနေသည်။

ရုရှ ကျူးကျော်မှုအပေါ် အမေရိကန်အစိုးရဘက်က တင်းမာခက်ထန်သော သဘောထား ထားရှိရေး အမေရိကန်လွှတ်တော်အမတ်များက အိမ်ဖြူတော်ကို တိုက်တွန်းနေသည်။

သမ္မတ ဘိုင်ဒင်သည် ပြီးခဲ့သည့် စနေနေ့က ယူကရိန်းအတွက် ဒေါ်လာ သန်း ၂၀၀ ဖိုး နောက်ထပ် စစ်လက်နက်ပစ္စည်း အကူအညီများ ပေးအပ်မှုကို တရားဝင်ခွင့်ပြုထားခဲ့သည်။ ယင်းမတိုင်မီ အမေရိကန်သည် ဖေဖေါ်ဝါရီ ၂၆ ရက်ကလည်း ယူကရိန်းအတွက် စစ်လက်နက်ပစ္စည်းအကူအညီ ဒေါ်လာ သန်း ၃၅၀ ဖိုး ခွင့်ပြုခဲ့ရာ ယင်းသည် အမေရိကန်သမိုင်းတွင် ယင်းကဲ့သို့သော အကြီးဆုံး ထောက်ပံ့မှုလည်း ဖြစ်ခဲ့သည်။

ယခု ဗုဒ္ဓဟူးနေ့တွင် ကြေညာရန် ရှိသည့် ဒေါ်လာ သန်း ၈၀၀ တန်ဖိုးရှိ လုံခြုံရေးအကူအညီထဲတွင် မည်သည်တို့ ပါဝင်မည် ဆိုသည်ကို အိမ်ဖြူတော်အရာရှိက အသေးစိတ် ပြောဆိုခဲ့ခြင်း မရှိပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly