ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်း

ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်း

မတ်လ ၁၅ ရက်

အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ ပြည်သူ့ကာကွယ်ရေးတပ်မတော် ထောက်ပို့တပ် ဖွဲ့စည်းကြောင်း ဒီကနေ့ မတ်လ ၁၅ ရက် ညပိုင်းတွင် ထုတ်ပြန်ကြေညာလာသည်။ 

စစ်အာဏာရှင်စနစ်ကို လက်သင့်မခံသူတိုင်း ထောက်ပို့တာဝန်ထမ်းဆောင်နိုင်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနက ထောက်ပို့တပ်ကို ဖွဲ့စည်းသွားမှာဖြစ်ကြောင်း ထည့်သွင်းဖော်ပြထားသည်။ 

လစဉ်မပြတ်တာဝန်ယူကြရမည့် ထောက်ပို့တပ်သားများကို ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ရဲ့ ဖွဲ့စည်းပုံအတိုင်း စိတ်၊ စု၊ ခွဲ၊ ရင်းနဲ့ ထောက်ပို့တပ်ကိုဖွဲ့စည်းမှာဖြစ်ပြီး ကိုယ်ပိုင်နံပါတ်တစ်ခုနဲ့ ထောက်ပို့တပ်ဖွဲ့ဝင်ကတ်ကိုလည်း ကာကွယ်ရေးဝန်ကြီးဌာနကနေ ထုတ်ပေးမည်ဟုသိရသည်။  

ထောက်ပို့တပ်သားတစ်ဦးအဖြစ် တစ်လလျှင် ဒေါ်လာ ၂၀ တာဝန်ယူထောက်ပံ့ရမည်ဖြစ်ပြီး တပ်စိတ်မှူး ဒေါ်လာ ၂၀၀၊ တပ်စုမှူး ဒေါ်လာ ၆၀၀၊ တပ်ခွဲမှူး ဒေါ်လာ ၂၀၀၀၊ တပ်ရင်းမှူး ဒေါ်လာ ၁၀၀၀၀ နှင့် တပ်မဟာမှူးဆိုလျှင် ဒေါ်လာ ၃၀၀၀၀ အထိ တာဝန်ယူ ထမ်းဆောင်နိုင်ကြောင်း သတ်မှတ်ထုတ်ပြန်ထားသည်။ 

မိမိတို့တတ်နိုင်သည့် တပ်သားအရေအတွက်ကို တစ်ဦးချင်းဖြစ်စေ၊ အဖွဲ့အစည်းနှင့်ဖြစ်စေ ထောက်ပို့မှုများ လုပ်ဆောင်နိုင်မှာ ဖြစ်ကြောင်းလည်း သိရသည်။ 

တိုင်းနဲ့ပြည်နယ်နေရာအနှံ့မှာ ပြည်သူ့ကာကွယ်ရေးတပ်သားများ၊ တပ်ရင်းတပ်ဖွဲ့များရှိနေပြီ ဖြစ်သကဲ့သို့ 

စစ်အာဏာရှင်စနစ်အမြန်ဆုံးအမြစ်ဖြတ်နိုင်ရေးအတွက် ရှေ့တန်းစစ်မျက်နှာပြင်မှာ ရဲဝင့်စွာတိုက်ပွဲဝင်နေကြတဲ့ ပြည်သူ့ကာကွယ်ရေးတပ်သားများအတွက် ပြည်သူတစ်ရပ်လုံးကလည်း နောက်တန်းကနေ ထောက်ပို့တာဝန်ကို အပြည့်အဝတာဝန်ယူကြမည်ဟု ယုံကြည်ကြောင်းလည်း ထုတ်ပြန်ပြောဆိုထားသည်။ 

တစ်နိုင်ငံလုံး ပီဒီအက်ဖ် ၊ တစ်ကမ္ဘာလုံးထောက်ပို့တပ်သားတွေ ဖြစ်လာပြီး စစ်အာဏာရှင်စနစ်အမြန်ဆုံး အမြစ်ဖြတ်နိုင်ဖို့ အတူတူကြိုးစားရအောင်ပါ ဟု အမျိုးသားညီညွတ်ရေးအစိုးရ ကာကွယ်ရေးဝန်ကြီးဌာနမှ သတင်းစကားပါးသည်။

 

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required