ချောင်းဦးမြို့နယ် ရွှေလှေရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ရွာခံ ကလေးငယ် ၁ ဦး သေနတ်မှန် သေဆုံး

ချောင်းဦးမြို့နယ် ရွှေလှေရွာကို စစ်ကောင်စီတပ် မီးရှို့ ၊ ရွာခံ ကလေးငယ် ၁ ဦး သေနတ်မှန် သေဆုံး

မတ်လ ၁၅ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ် ရွှေလှေကျေးရွာကို စစ်ကောင်စီတပ်နှင့် ပျူစောထီးများက ယမန်နေ့ မတ်လ ၁၄ ရက် နံနက် ၆ နာရီ ၃၀ မိနစ်ခန့်တွင် သေနတ်များ ပစ်ဖောက် ဝင်ရောက်ကာ မီးရှို့ သွားကြောင်း ဒေသခံက ပြောသည်။

''နံနက် ၆ နာရီခန့်က စတင်ဝင်ရောက် မီးရှို့ကြတယ်။ ရွာထဲ သေနတ်ဖောက် ဝင်လာကြပြီး ၁၂ နှစ် အရွယ် ကောင်လေးတစ်ဦး သေနတ်နဲ့ ပစ်သတ် ခံရတယ်ဗျ။ NLD ထောက်ခံသူတွေရဲ့ အိမ်တွေကို ရွေးပြီး မီးရှို့တာ။   ၉ နာရီ ကျော်ကျော်လောက် ကျတော့ တစ်ရွာလုံး ကုန်ခမန်း နီးပါး ရှိသွားပြီ'' ဟု ဒေသခံက ဆိုသည်။
အဆိုပါ ပျူစောထီးများနှင့် စစ်ကောင်စီ တပ်ဖွဲ့များသည် ချောင်းဦးမြို့နယ်၊ ကံကြီးကုန်းကျေးရွာ ဘုန်းကြီးကျောင်းတွင် မတ်လ အစောပိုင်း ကတည်းက တပ်စွဲ နေကြခြင်း ဖြစ်သည်။

ကံကြီးကုန်း ကျေးရွာ အနီးရှိ ယာကြီးတောကျေးရွာ၊ ဝယာကျေးရွာ၊ ရွာသစ်ကျေးရွာများကိုလည်း  အဆိုပါ စစ်ကောင်စီတပ် အဖွဲ့များက မီးရှို့ ဖျက်ဆီး သွားကြပြီး မီးလောင် ရှုံးဆုံးမှု အရေအတွက် ကိုမူ လတ်တလော အတည် မပြုနိုင်သေးပေ။

“ရွှေလှေရွာတင် မကဘူးခင်ဗျ။ ယာကြီးတောကျေးရွာ ဝယာကျေးရွာ၊ ရွာသစ်ကျေးရွာတွေမှာ မီးရှို့ခံရတဲ့ အိမ်တွေ အများအပြား ရှိတယ်ခင်ဗျ။ စစ်ဘေးရှောင်တွေ အများကြီးပဲ ခင်ဗျ။ နယ်ဘက်မှာ အင်တာနက် အခက်ခဲ ရှိလို့ သတင်း စီးဆင်းမှု နည်းတယ် ခင်ဗျ ” ဟု ချောင်းဦးမြို့ ဒေသခံ တစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ချောင်းဦးမြို့နယ် ကံကြီးကုန်းရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီ တပ်သားများကို ပြည်သူ့ ကာကွယ်ရေး တပ်ဖွဲ့များ ပူးပေါင်းပြီး တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သားများ နှင့် ပျူစောထီးအဖွဲ့ ဝင် ၁၂ ဦး သေဆုံးခဲ့ကြောင်း MGN 35 ပြောက်ကျားတပ်ဖွဲ့က သတင်း ထုတ်ပြန်ထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required