ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားပိုင် လေယာဉ်များကို ရုရှလေကြောင်းလိုင်းများ ပြည်တွင်း၌ ပျံသန်းပြေးဆွဲစေရန် ပူတင် ခွင့်ပြု

ဒေါ်လာ ၁၀ ဘီလီယံတန်ဖိုးရှိ နိုင်ငံခြားပိုင် လေယာဉ်များကို ရုရှလေကြောင်းလိုင်းများ ပြည်တွင်း၌ ပျံသန်းပြေးဆွဲစေရန် ပူတင် ခွင့်ပြု

မတ် ၁၅

နိုင်ငံခြားကုမ္ပဏီများက ပိုင်ဆိုင်ပြီး ငှားရမ်းပေးထားသည့် လေယာဉ်များအား ရုရှလေကြောင်းလိုင်းများ ပြည်တွင်း၌ ပျံသန်းပြေးဆွဲမှုကို ခွင့်ပြုသည့် ဥပဒေတစ်ရပ်ကို ရုရှသမ္မတ ဗလာဒီမာ ပူတင်က တနင်္လာနေ့တွင် လက်မှတ်ထိုးခဲ့သည်။ ယင်းသည် ရုရှနိုင်ငံကနေ ဒေါ်လာ ၁၀ ဘီလီယံ တန်ဖိုးရှိ လေယာဉ်များကို ပြန်သိမ်းရန် ကြိုးပမ်းနေသည့် ပြည်ပလေယာဉ် အငှားချသူများအတွက် အဓိကထိုးနှက်ချက်တစ်ခု ဖြစ်လာခဲ့သည်။

ပြီးခဲ့သည့်လ ယူကရိန်းအပေါ် ရုရှ၏ ကျူးကျော်မှုကို တုံ့ပြန်သောအားဖြင့် ချမှတ်သည့် ဒဏ်ခတ်ပိတ်ဆို့မှုများ၊ အပြန်အလှန် လေပိုင်နက် ပိတ်ပင်မှုများကြောင့် ရုရှနိုင်ငံ၏ လေကြောင်းခရီးသွားဈေးကွက်ကို အဆက်အသွယ်ပြတ်စေခဲ့သည်။ ရုရှလေကြောင်းလိုင်းများကို စက်အစိတ်အပိုင်းပစ္စည်း ထောက်ပံ့ပေးတော့မည် မဟုတ်ကြောင်း Boeing နှင့် Airbus တို့က ပြောခဲ့သည်။ ယင်းအတွက်ကြောင့် လေကြောင်းလိုင်းများအနေဖြင့် အစိတ်အပိုင်းပစ္စည်းများအတွက် အခြားမျိုးတူလေယာဉ်များမှ စက်ပစ္စည်းများကို ဖြုတ်ယူသုံးစွဲသွားရနိုင်သည့် အခြေအနေဖြစ်နေသည်။

ရုရှ နိုင်ငံ၏ လေကြောင်းကုမ္ပဏီများ၏ လေယာဉ်စုတွင် အနောက်နိုင်ငံများ၌ တည်ဆောက်ထုတ်လုပ်ထားသည့် လေယာဉ် ၇၂၈ စင်း ခန့် ရှိနေပြီး ယင်းတို့အနက် ၅၁၅ စင်းသည် နိုင်ငံခြားအငှားချသူများ ငှားရမ်းပေးထားသည့် လေယာဉ်များဖြစ်ကြောင်း Jefferies အရ သိရသည်။ အီးယူ၏ ဒဏ်ခတ်ပိတ်ဆို့မှုအောက်တွင် လေယာဉ် အငှားချပေးထားသည့် ကုမ္ပဏီများ (အချို့က အီးယူအဖွဲ့ဝင် အိုင်ယာလန်တွင် အခြေစိုက်သည်) အနေဖြင့် မတ်လ ၂၈ မတိုင်မီ လေယာဉ်များကို ပြန်သိမ်းရန် လုပ်ဆောင်သွားရမည်ဖြစ်သည်။

တနင်္လာနေ့က ချမှတ်ခဲ့သည့် စည်းမျဉ်းသစ်များအောက်တွင် ရုရှအစိုးရသည် အထက်ပါ လေယာဉ်များကို ပျံသန်းနိုင်ခြေရှိသည့် အထောက်အထားလက်မှတ်များ ထုတ်ပေးရန်နှင့် နိုင်ငံတွင် မှတ်ပုံတင်စေရန် ခွင့်ပြုမည် ဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ Tass က ဖော်ပြသည်။ ဥပဒေကို ပြီးခဲ့သည့်အပတ်က ဖော်ဆောင်နေခဲ့ခြင်း ဖြစ်သည်။

“ရံဖန်ရံခါ ဆိုသလို မနှစ်မြို့စရာ အခြေအနေတစ်ခု ရှိတတ်ပါတယ်။ ဒါပေမယ့် လေကြောင်းဈေးကွက်တစ်ခုလုံးကို အဆက်ပြတ်တောက်နေစေပြီး နိုင်ငံတကာ ဥပဒေတွေကို မထီမဲ့မြင်ပြုတဲ့ စိတ်ကူးကတော့ အသစ်အဆန်း ဖြစ်နေပါတယ်” ဟု လေကြောင်းလုပ်ငန်း အတိုင်ပင်ခံ ကုမ္ပဏီ AeroDynamic Advisory မှ မန်နေဂျင်းဒါရိုက်တာ ရစ်ချတ် အဘောင်လာဖီယာက ပြောသည်။

ရုရှ၏ အကြီးဆုံး လေကြောင်းလိုင်းနှစ်ခုဖြစ်သည့် Aeroflot နှင့် S7 တို့သည် ပြီးခဲ့သည့်အပတ်က နိုင်ငံတကာသို့ ပြေးဆွဲပျံသန်းမှု ရပ်ဆိုင်းခဲ့သည်။ ပြည်ပသို့ ပျံသန်းခြင်းက လေယာဉ် အငှားချထားသူများဘက်မှ လေယာဉ်များ ပြန်သိမ်းရန် ကြိုးပမ်းလာနိုင်သည့် အခြေအနေသို့ ဦးတည်နိုင်စရာ ရှိသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required