ထိုင်း၏ PTTEP က ရတနာဓာတ်ငွေ့စီမံကိန်းကို အော်ပရေတာအဖြစ် လွှဲပြောင်းတာဝန်ယူမည်

ထိုင်း၏ PTTEP က ရတနာဓာတ်ငွေ့စီမံကိန်းကို အော်ပရေတာအဖြစ် လွှဲပြောင်းတာဝန်ယူမည်

မတ် ၁၅

မြန်မာနိုင်ငံရှိ ရတနာဓာတ်ငွေ့စီမံကိန်းကနေ ပြင်သစ်စွမ်းအင်ကုမ္ပဏီ TotalEnergies ထွက်ခွာမှုနောက်ပိုင်း လာမည့် ဇူလိုင်လမှစပြီး ထိုစီမံကိန်းကို အော်ပရေတာအဖြစ် လွှဲပြောင်းတာဝန်ယူပြီး ဆက်လက်လုပ်ကိုင်သွားမည် ဖြစ်ကြောင်း ထိုင်းရေနံနှင့်ဓာတ်ငွေ့ကုမ္ပဏီ PTTEP က မတ်လ ၁၄ ရက်တွင် ပြောသည်။

ယမန်နှစ် စစ်အာဏာသိမ်းမှုနောက်ပိုင်း ပိုမို ဆိုးဝါးလာနေခဲ့သည့် လူသားချင်းစာနာမှု အခြေအနေများကြောင့် မြန်မာနိုင်ငံကနေ ပြန်ထွက်ရန် နိုင်ငံတကာ စွမ်းအင်ကုမ္ပဏီများဖြစ်သည့် Chevron နှင့် TotalEnergies တို့က ဆုံးဖြတ်ခဲ့ကြသည်။

စွမ်းအင်ကို သာတူညီမျှ ရယူသုံးနိုင်ခွင့်က လူအားလုံး ရပိုင်ခွင့်ရှိသည့် အခြေခံ လူ့အခွင့်အရေးဖြစ်သည်ဟု အသိအမှတ်ပြုလက်ခံထားကြောင်း PTTEP က ထုတ်ပြန်ချက်တစ်ရပ်တွင် ပြောသည်။

“ရတနာ ပရောဂျက်ကနေ ထွက်ခွာဖို့ တိုတယ်ကုမ္ပဏီ ဆုံးဖြတ်ခဲ့တဲ့နောက်မှာ သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုတွေ အဆက်ပြတ်မှု မဖြစ်ရလေအောင် ပီတီတီအီးပီအနေနဲ့ လုပ်ငန်းရဲ့ ဆက်ခံသူ အော်ပရေတာအဖြစ် ဆောင်ရွက်ဖို့ စေ့စေ့စပ်စပ် စဉ်းစားထားခဲ့ပါတယ်” ဟု ယင်းက ပြောသည်။

မြန်မာတွင် ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ၌ စစ်တပ်က ရွေးကောက်ခံ အစိုးရတစ်ရပ်ကို ဖြုတ်ချအာဏာသိမ်းခဲ့ပြီး ယင်းအပေါ် ဆန့်ကျင်ဆန္ဒပြမှုများကို ဖိနှိပ်ရန် သေစေလောက်သည့် အင်အား အသုံးပြု ဖြိုခွင်းလုပ်ဆောင်ထားခဲ့ပြီးနောက် နိုင်ငံသည် ဝရုန်းသုန်းကားအခြေအနေအောက် ကျရောက်နေခဲ့သည်။

အာဏာသိမ်းမှုကို ဆန့်ကျင်သူ ထောင်ချီ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသလို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ ခုခံတော်လှန်တိုက်ခိုက်မှုများနှင့် ရင်ဆိုင်နေရသည့် အာဏာသိမ်းစစ်တပ်သည် အရပ်သားဧရိယာများအပေါ် လက်နက်ကြီးဖြင့် ပစ်ခြင်း၊ လေကြောင်းတိုက်ခိုက်ခြင်းတို့ လုပ်ဆောင်ထားသည်ဟု စွပ်စွဲခံထားရသည်။ အာဏာသိမ်းအကြမ်းဖက်စစ်အုပ်စုက ယင်းအနေဖြင့် အကြမ်းဖက်သမားများကို တိုက်ခိုက်နေခြင်း ဖြစ်သည်ဟု ပြောသည်။

ထိုင်းနိုင်ငံပိုင် စွမ်းအင်ကုမ္ပဏီ PTT Pcl ၏ လုပ်ငန်းခွဲတစ်ခုဖြစ်သည့် PTTEP က ပြောကြားရာတွင် ယင်းအနေဖြင့် စွမ်းအင် လိုအပ်ချက်ကို အလျဉ်ပြတ်မှု မဖြစ်စေရေး လုပ်ဆောင်ရန် အရေးကြီးသည်ဟု ယူဆကြောင်းနှင့် ရတနာစီမံကိန်းသည် မြန်မာနှင့် ထိုင်းနိုင်ငံတို့ရှိ ပြည်သူတို့၏ အသက်မွေးဝမ်းကျောင်းများအတွက် သဘာဝဓာတ်ငွေ့ ထောက်ပံ့မှုဆိုင်ရာ အခရာကျသည့် ရင်းမြစ်ဖြစ်ကြောင်း ထုတ်ဖော်ခဲ့သည်။

လက်ရှိတွင် ထို ရတနာဓာတ်ငွေ့လုပ်ကွက်တွင် TotalEnergies က ရှယ်ယာ ၃၁ ရာခိုင်နှုန်း ရှိထားသည်။

လွှဲပြောင်းမှုက ဇူလိုင် ၂၀ တွင် အပြီးသတ်မည်ဖြစ်ပြီး ယင်းနောက်တွင် ရတနာဓာတ်ငွေ့စီမံကိန်း၌ PTTEP က ရှယ်ယာ ၃၇ ဒသမ ၁ ရာခိုင်နှုန်း၊ မြန်မာ၏ MOGE က ၂၁ ဒသမ ၈ ရာခိုင်နှုန်းနှင့် Chevron ၏ လုပ်ငန်းခွဲတစ်ခုက ၄၁ ဒသမ ၁ ရာခိုင်နှုန်း ပိုင်ဆိုင်မည်ဖြစ်ကြောင်း ထိုင်းကုမ္ပဏီက ပြောသည်။

ရတနာဓာတ်ငွေ့ စီမံကိန်းသည် တစ်ရက်လျင် ဓာတ်ငွေ့ ကုဗပေ သန်း ၇၇၀ ထုတ်လုပ်ပြီး ယင်းတို့အနက် သန်း ၂၂၀ ကို မြန်မာတွင် လျှပ်စစ်ထုတ်လုပ်မှုအတွက် အသုံးပြုရန် ပေးပို့ပြီး နိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက်၏ ၅၀ ရာခိုင်နှုန်းကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။

ကျန်ရှိသည့် ကုဗပေ သန်း ၅၅၀ ကို ထိုင်းသို့ တင်ပို့ပြီး ဓာတ်အားပေးစက်ရုံ ၁၂ ခုကို ထောက်ပံ့ကာ ယင်းသည် ထိုင်းနိုင်ငံ၏ ဓာတ်ငွေ့လိုအပ်ချက်၏ ၁၁ ရာခိုင်နှုန်းခန့်ကို ဖြည့်တင်းပေးခြင်း ဖြစ်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required