လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်နေသောစစ်ကောင်စီယာဉ်ကို သွေးမြေကျသည့် ၁ နှစ်ပြည့်အဖြစ် ဖောက်ခွဲမှုပြုလုပ်

လှိုင်သာယာမြို့နယ်တွင် ကင်းလှည့်နေသောစစ်ကောင်စီယာဉ်ကို သွေးမြေကျသည့် ၁ နှစ်ပြည့်အဖြစ် ဖောက်ခွဲမှုပြုလုပ်

မတ်လ ၁၄ ရက်

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ ရန်ကုန်-ပုသိမ်လမ်းပေါ်ရှိ၊ စနေမ ၉ရပ်ကွက်၊ BOC မှတ်တိုင်နှင့်စနေမ မှတ်တိုင်ကြားတွင် စစ်ကောင်စီ၏ကင်းလှည့်ယာဥ်တစ်စီးအား မတ်လ ၁၄ ရက်နေ့ ညနေ ၃နာရီအချိန်ခန့်တွင် ဒေသကာကွယ်ရေးအဖွဲ့မှ အဝေးထိန်းမိုင်းတစ်လုံးဖြင့်ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်း သိရသည်။

"ဒီနေ့က လှိုင်သာယာမှာ သွေးမြေကျတာတစ်နှစ်ပြည့်တဲ့နေ့မို့လို့ သူတို့ကင်းလှည့်တာတွေက ပိုလှည့်တယ်၊ကျွန်တော်တို့ကလည်း တစ်နှစ်ပြည့်သွားပေမဲ့သွေးမအေးဘူးဆိုတာကို ပြချင်လို့ပါ"ဟု From Zero To Hero အဖွဲ့တာဝန်ရှိသူကပြောသည်။

လှိုင်သာယာမြို့နယ်တွင် စစ်ကောင်စီမှ အကြမ်းဖက်ဖြိုခွင်းမှုကြောင့် သွေးမြေကျခဲ့သည်မှာ ယနေ့ဆိုလျှင် တစ်နှစ်ပြည့်မြောက်ပြီ ဖြစ်ကြောင်း၊တစ်နှစ်ပြည့်သော်လည်း သွေးမအေးကြောင်းကိုပြသလိုသည့်သဘောဖြင့် ဖောက်ခွဲမှုပြုလုပ်ခဲ့ခြင်းဖြစ်ကြောင်း ဆိုသည်။

ယင်းလုပ်ဆောင်မှုကို From Zero To Hero အဖွဲ့နှင့် MCO LDF ARMY အဖွဲ့တို့ပူးပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

"ပေါက်ကွဲမှုကြောင့် ကားအနည်းငယ်တော့ထိခိုက်သွားတယ်၊အရပ်ဝတ်တွေက ဆိုင်ကယ်တွေစီးပြီးတော့ လာရောက်စစ်ဆေးတာတွေတော့ရှိတယ်၊ဖြစ်ဖြစ်ခြင်းတော့ အဲ့ဒီနားမှာစစ်ကောင်စီက နည်းနည်းတော့ ခြေရှုပ်သွားတယ်"ဟု ဒေသခံတစ်ဦး ကပြောသည်။

မတ်လ ၉ ရက်နေ့ကလည်း ရန်ကုန်တိုင်း၊လှိုင်သာယာမြို့နယ်၊အမှတ်(၉)ရပ်ကွက်၊ဘားအံလမ်းမပေါ်ရှိစနေမကားမှတ်တိုင်အနီးတွင်ရှိသော စစ်ကောင်စီဒေါက်တိုင်ပျူစောထီးမိသားစုပိုင်ဟုဆိုသော ကျော်ကြီးဆိုင်ကယ်ပြင်ဆိုင်နှင့် ဘားအံလမ်းနဲ့ မကွေးလမ်းဒေါင့်တွင်ရှိသော စစ်ကောင်စီကင်းပုန်းချထားသောတိုက်အနီးတို့တွင် ပြောက်ကျားတပ်ဖွဲ့က ဖောက်ခွဲမှုပြုလုပ်ခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required