ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ၍ ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရ

By ကိုရွှေမြိတ်
14 March 2022
ပုလောမြို့ အထွေထွေအုပ်ချုပ်ရေးမှူးရုံး မိုင်းခွဲခံရ၍ ဝန်ထမ်း ၂ ဦး ထိခိုက် ဒဏ်ရာရ

ပုလော၊ မတ်လ၊ ၁၄

တနင်္သာရီတိုင်း၊ မြိတ်ခရိုင်၊ ပုလောမြို့နယ် စစ်ကောင်စီလက်အောက်ခံ အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ယမန်နေ့ ညနေပိုင်းက မိုင်းဖောက်ခွဲခံရ၍ ရုံးပိတ်ရက်အလုပ်ဆင်းနေသည့် ဝန်ထမ်းနှစ်ဦး ပြင်းထန်ဒဏ်ရာ ရရှိခဲ့ကြောင်း မြို့ခံထံမှ သိရသည်။

အဆိုပါ ထွေအုပ်ရုံးကို ပုလောပြည်သူ့ကာကွယ်ရေးတပ်မတော် (PPDF) နှင့် ပုလောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (PRDF) တို့မှ မတ်လ ၁၃ ရက်နေ့ ညနေ ၃ နာရီ အချိန်တွင် မိုင်းခွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း၊ ဝန်ထမ်းအမျိုးသား တစ်ဦးနှင့် အမျိုးသမီးတစ်ဦး စုစုပေါင်း နှစ်ဦး ထိခိုက် ဒဏ်ရာရရှိခဲ့သည်ဟု ပုလောပြည်သူ့ ကာကွယ်ရေးတပ်မတော် (PPDF) မှ ထုတ်ပြန် ထားသည်။

အဆိုပါရုံး မိုင်းခွဲခံရခြင်းကြောင့် အကြီးတန်းစာရေး ကြူကြူအေးဆိုသူနှင့် အငယ်တန်းစာရေး ဇေယျစိုးဆိုသူတို့ ထိခိုက်ဒဏ်ရာရရှိသွားခြင်းဖြစ်ကြောင်း သိရသည်။

ပုလောမြို့ခံ တစ်ဦးက"ထွေအုပ်ရုံး မိုင်းဖောက်ခွဲတာ နှစ်ဦး ထိခိုက်တယ် ကြားတယ်၊ အဲ့အထဲက အမျိုးသမီးတစ်ဦးကတော့ ဒဏ်ရာပြင်းထန်လို့ မြိတ်ပြည်သူ့ဆေးရုံကို တင်လိုက်ရတယ်"ဟု ပြောသည်။

မိုင်းဖောက်ခွဲမှုအပြီး စစ်ကောင်စီအဖွဲ့က မြို့တွင်း လိုက်လံ စစ်ဆေးမှုပြုလုပ်ပြီး ဒေသခံတချို့ဖမ်းဆီးခံရကြောင်း ဒေသခံများထံမှ သိရသည်။

#Mizzima

#တနင်္သာရီတိုင်း

#ပုလောမြို့

#ထွေအုပ်ရုံး

#မိုင်းခွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly