ယူကရိန်းစစ်ပွဲအတွက် တရုတ်ထံမှ စစ်ရေးအကူအညီ ရုရှ တောင်းခံခဲ့ဟု အမေရိကန်မီဒီယာ ဖော်ပြ

ယူကရိန်းစစ်ပွဲအတွက် တရုတ်ထံမှ စစ်ရေးအကူအညီ ရုရှ တောင်းခံခဲ့ဟု အမေရိကန်မီဒီယာ ဖော်ပြ
Photo - AFP

မတ် ၁၄

ရုရှသည် ယူကရိန်းစစ်ပွဲအတွက် တရုတ်ထံမှ စစ်ရေးနှင့် စီးပွားရေး အကူအညီကို တောင်းခံခဲ့သည်ဟု အမေရိကန်မီဒီယာက မတ်လ ၁၃ ရက်တွင် ဖော်ပြသည်။ အကယ်၍ တရုတ်အနေဖြင့် ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုများကနေ ရှောင်တိမ်းနိုင်အောင် အကူအညီပေးပါက ကြီးလေးသည့် “အကျိုးဆက်များ” နှင့် ရင်ဆိုင်ရလိမ့်မည်ဟု အိမ်ဖြူတော်က သတိပေးခဲ့ပြီးနောက် နာရီပိုင်းအကြာတွင် အဆိုပါ သတင်းဖော်ပြချက် ထွက်ပေါ်ခဲ့ခြင်း ဖြစ်သည်။

ရုရှသည် ယင်း၏ အဓိကမဟာမိတ်ထံမှ စစ်ဘက်ပစ္စည်းများနှင့် အကူအညီ အထောက်အပံ့များကို တောင်းခံခဲ့သည်ဟု အမေရိကန်အရာရှိများက မီဒီယာကို ပြောခဲ့သည်။

အနောက်နိုင်ငံအများစုက ချမှတ်ထားသည့် အကြီးအကျယ် ထိခိုက်မှုများ ဖြစ်ပေါ်စေသော အရေးယူပိတ်ဆို့မှုများကို ရင်ဆိုင်ရန် တရုတ်ထံမှ စီးပွားရေးအကူအညီကို ရုရှက တောင်းဆိုခဲ့ကြောင်း အမည်မဖော်လိုသည့် အမေရိကန်အရာရှိများကို ကိုးကားပြီး နယူးယော့ခ်တိုင်းမ် သတင်းစာက ဖော်ပြသည်။

ရုရှတို့ တောင်းခံထားသည့်အရာ သို့မဟုတ် တရုတ်က ယင်းကို တုံ့ပြန်အဖြေပေးထားခဲ့သလား ဆိုသည်ကို အတိအကျ ရှင်းပြပြောဆိုရန် အဆိုပါ အရာရှိများက ငြင်းဆန်ခဲ့သည်။

ဝါရှင်တန်ရှိ တရုတ်သံရုံးမှ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အဆိုပါ တောင်းဆိုချက်များကိစ္စနှင့်ပတ်သက်ပြီး မေးမြန်းခံရစဉ် “ဒါနဲ့ပတ်သက်လို့ မိမိအနေနဲ့ ဘယ်တုန်းကမှ မကြားခဲ့ဖူးပါ” ဟု သတင်းဌာနများကို တုံ့ပြန်ဖြေကြားခဲ့သည်။

တနင်္လာနေ့တွင် ရောမမြို့၌ အမေရိကန်အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့က တရုတ်အဆင့်မြင့်အရာရှိတစ်ဦးနှင့် တွေ့ဆုံသွားမည်ဟု အိမ်ဖြူတော်က ကြေညာပြီးနောက် နာရီအနည်းငယ်အကြာတွင် အဆိုပါသတင်းများ ထွက်ပေါ်လာခြင်း ဖြစ်သည်။

အမေရိကန် အမျိုးသားလုံခြုံရေး အကြံပေး ဂျိတ် ဆူလီဗန် နှင့် တရုတ် ကွန်မြူနစ်ပါတီ၏ ထိပ်တန်းသံတမန် ယန် ကျဲ့ချီ တို့သည် နှစ်နိုင်ငံအကြား ပြိုင်ဆိုင်မှုကို စီမံထိန်းသိမ်းမည့် လုပ်ဆောင်ဆဲ အားထုတ်မှုများနှင့် ယူကရိန်းအပေါ် ရုရှတို့ တိုက်ခိုက်သည့် စစ်ပွဲကြောင့် ဒေသဆိုင်ရာနှင့် ကမ္ဘာလုံးဆိုင်ရာ လုံခြုံရေးအပေါ် သက်ရောက်မှုတို့နှင့် ပတ်သက်ပြီး ဆွေးနွေးမည် ဖြစ်ကြောင်း အမေရိကန်အမျိုးသားလုံခြုံရေးကောင်စီ ပြောရေးဆိုခွင့်ရှိသူ အမ်မလီ ဟွန်းက တနင်္ဂနွေနေ့က ပြောသည်။

ယူကရိန်းအပေါ် ကျူးကျော်စစ်ဆင်နွှဲမှုအတွက် ရုရှကို တိုက်ရိုက် ပြစ်တင်ရန် တရုတ်က ငြင်းဆိုထားခဲ့ပြီး ရုရှ-ယူကရိန်းအကြား ပိုမိုဆိုးဝါးလာခဲ့သည့် တင်းမာမှုများအတွက် နေတိုးအုပ်စု၏ အရှေ့ဘက်သို့ ချဲ့ထွင်မှုအပေါ် တရုတ်က ထပ်တလဲလဲ ပြစ်တင်ထားခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly