၂၀၂၁ ခုနှစ်က ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်မှုများ တစ်ရှိန်ထိုးမြင့်တက်ခဲ့

၂၀၂၁ ခုနှစ်က ပါကစ္စတန်တွင် အမျိုးသမီးများအပေါ် ပြစ်မှုကျူးလွန်မှုများ တစ်ရှိန်ထိုးမြင့်တက်ခဲ့

ပါကစ္စတန်နိုင်ငံတွင် ၂၀၂၁ ခုနှစ်က အမျိုးသမီးများအပေါ် ပုံစံအမျိုးမျိုးဖြင့် ကျူးလွန်သည့် ပြစ်မှုများနှင့် စပ်လျဉ်းပြီး တိုင်တန်းအမှုဖွင့်ခဲ့သည့် အမျိုးသမီးဦးရေ ၃၄,၀၀၀ ခန့်အထိ ရှိခဲ့သည်ဟု တရားဝင်ဒေတာအချက်အလက်များ ထွက်ပေါ်လာခဲ့သည်။

အဆိုပါ အရေအတွက်သည့် ပါကစ္စတန်၌ အမျိုးသမီးများ ကြုံတွေ့နေရသည့် ယိုယွင်းဆိုးရွားလာနေသော အခြေအနေတစ်ရပ်ကိုလည်း ဖော်ပြနေသည်။

ဖြစ်ပွားခဲ့သည့် အဓမ္မပြုကျင့်မှုဖြစ်စဉ် အများစုသည် ပန်ဂျပ်ပြည်နယ်၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး မိသားစုဂုဏ်သိက္ခာအတွက် သတ်ဖြတ်မှု၊ မီးရှို့မှု ကဲ့သို့သော ဖြစ်စဉ်များလည်း ဆင်းဒ်နှင့် ခိုင်ဘာ ပက်ခ်တွန်ခဝါ ပြည်နယ်များကနေ ပေါ်ထွက်ထားခဲ့ကြောင်း ဒေတာအချက်အလက်များကို ကိုးကားပြီး The News International က ဖော်ပြသည်။

နိုင်ငံတွင် အမျိုးသမီးများအပေါ် ညှင်းပန်းနှိပ်စက်မှုများနှင့် ပြစ်မှုကျူးလွန်မှုများ ဖြစ်ပွားမှု မြင့်တက်နေခြင်း၏ အကြောင်းရင်းများကို ရှင်းလင်းရင်း ဆင်းဒ်ပြည်နယ် ရဲတပ်ဖွဲ့ အကြီးအကဲဟောင်းတစ်ဦး ဖြစ်သည့် အက်ဖ်ဇယ် ရှီဂရီက ပြောကြားရာတွင် အမျိုးသမီးများအကြား ပညာတတ်မြောက်မှုနှင့် အသိပညာများ တိုးလာခြင်းနှင့်အတူ အမျိုးသမီးများက ၎င်းတို့၏ အခွင့်အရေးများကို ပိုမိုတောင်းဆိုလာကြပြီး အမျိုးသားလွှမ်းမိုးမှုကို စိန်ခေါ်လာနေလျက် ရှိနေသလို တစ်ဘက်တွင်လည်း နိုင်ငံတွင် အခြေခိုင်နေသော သတ်မှတ်ချက်များ၏ ခုခံအတိုက်အခံပြုမှုနှင့် ရင်ဆိုင်နေရသည်ဟု ပြောခဲ့ကြောင်း The News International က ဖော်ပြသည်။

၂၀၂၁ ခုနှစ်တွင် ပန်ဂျပ်ပြည်နယ်၌ တိုင်ကြားချက်အရေအတွက် အများဆုံးကို လက်ခံရရှိခဲ့ပြီး ယင်းသည် နိုင်ငံတဝန်း အာဏာပိုင်များ လက်ခံရရှိခဲ့သော တိုင်ကြားချက်အရေအတွက် စုစုပေါင်း၏ ၇၁ ရာခိုင်နှုန်းနှင့် ညီမျှနေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly