တရုတ်တွင် ကျား/မ တန်းတူညီမျှရေးက စိန်ခေါ်မှုတစ်ရပ်အဖြစ်ဆက်ရှိနေ

တရုတ်တွင် ကျား/မ တန်းတူညီမျှရေးက စိန်ခေါ်မှုတစ်ရပ်အဖြစ်ဆက်ရှိနေ

တရုတ်နိုင်ငံတွင် အမျိုးသမီးများအပေါ်ဆက်ဆံရေးနှင့်ပတ်သက်ပြီး ကြီးမားသော ကွာဟချက်ရှိနေသဖြင့် ကျား/မ တန်းတူညီမျှရေးသည် စိန်ခေါ်မှုတစ်ခု ဖြစ်နေဆဲဟု European Times က ဖော်ပြသည်။

နှစ်ပေါင်း ၇၀ ကျော်ကြာသည့်တိုင် တရုတ်အမျိုးသမီးများသည် အမျိုးသားများနှင့် နှိုင်းယှဉ်ပါက နယ်ပယ်အားလုံးနီးပါးတွင် နောက်ကျကျန်နေခဲ့သည်ဟု ဆိုသည်။ ကျား/မတန်းတူညီမျှရေးသည် ဝေးကွာသောပန်းတိုင်တစ်ခုအဖြစ်ရှိနေဆဲဖြစ်ပြီး အခြေအနေများသည် အမှန်တကယ်တွင် ပိုမိုဆိုးရွားလျက်ရှိသည်။

တရုတ်နိုင်ငံသည် တစ်ချိန်က ကမ္ဘာပေါ်တွင် အမျိုးသမီးများလုပ်သားအင်အားပါဝင်မှုနှုန်း အမြင့်မားဆုံးနိုင်ငံများထဲမှ တစ်နိုင်ငံဖြစ်သည်။ ၁၉၉၀ ပြည့်နှစ်လောက်အထိ အမျိုးသမီး ၄ ဦးတွင် ၃ ဦးနီးပါးသည် အလုပ်လုပ်ခဲ့ကြသော်လည်း ယခုအချိန်တွင် ၆၁ ရာခိုင်နှုန်းသာ ရှိကြောင်း အပြည်ပြည်ဆိုင်ရာ အလုပ်သမားရေးရာအဖွဲ့ (ILO) ၏ ထုတ်ပြန်ချက်အရ သိရသည်။

စီမံခန့်ခွဲရေး သို့မဟုတ် ခေါင်းဆောင်မှုရာထူးများတွင် အမျိုးသမီးများ သိသိသာသာ နည်းပါးနေကြောင်း European Times က ဖော်ပြခဲ့သည်။

ကမ္ဘာ့စီးပွားရေးဖိုရမ် (WEF) အရ တရုတ်နိုင်ငံရှိ အကြီးတန်းမန်နေဂျာများ၊ အရာရှိများနှင့် ဥပဒေပြုအမတ် ၁၇ ရာခိုင်နှုန်းသာ အမျိုးသမီးများဖြစ်သည်။ တရုတ်နိုင်ငံရှိ အမျိုးသမီးများအတွက် တရားဝင်အငြိမ်းစားယူသည့်အသက်သည် အမျိုးသားများထက် အနည်းဆုံး ၅ နှစ်စောပြီး ၎င်းတို့အတွက် ငွေကြေးဆိုင်ရာ မရေရာမှုများ ပိုမိုဖြစ်ပေါ်စေသည်။

နိုင်ငံရေးလောကတွင် ကျား/မ ကွာဟမှုမှာ ပိုမိုထင်ရှားကြောင်း သတင်း၌ ဖော်ပြထားသည်။ နှစ်ပေါင်း ၇၀ အတွင်း တရုတ်နိုင်ငံ၏ အမြင့်ဆုံးအုပ်ချုပ်ရေးအဖွဲ့ဖြစ်သည့် ပေါ်လစ်ဗျူရို အမြဲတမ်းကော်မတီတွင် အမျိုးသမီးတစ်ဦးမျှ ခန့်အပ်ထားခြင်း မရှိသလို ဥက္ကဋ္ဌရာထူးကိုလည်း အမျိုးသမီး မခန့်အပ်ခဲ့ပေ။ ထို့ပြင် ပြည်နယ်အဆင့် အစိုးရ ၃၁ ခုတွင်လည်း အမျိုးသမီး ဦးဆောင်ခြင်းမရှိပေ။ နှစ်ပေါင်း ၇၀ ကျော်အတွင်း အဖွဲ့ဝင် ၂၅ ဦးပါ ပေါ်လစ်ဗျူရိုတွင် အမျိုးသမီး ၆ ဦးသာ ပါဝင်ခဲ့သည်။

လူ့အခွင့်အရေးအဖွဲ့၏အဆိုအရ ၂၀၁၈ ခုနှစ်တွင် ထုတ်ပြန်ခဲ့သည့် တရုတ်အရပ်ဘက်ဝန်ဆောင်မှု အလုပ်အကိုင်များ၏ ၂၀ ရာခိုင်နှုန်းနီးပါးသည် “အမျိုးသားများသာ” “အမျိုးသား ဦးစားပေးသည်” သို့မဟုတ် “အမျိုးသားများအတွက် သင့်လျော်သည်” ကဲ့သို့သော သတ်မှတ်ချက်များ ပါဝင်သည်။

နိုင်ငံရပ်ခြားမှ #MeToo လှုပ်ရှားမှု၏လှုံ့ဆော်မှုဖြင့် လမ်းပေါ်ထွက်ဆန္ဒပြမှုများနှင့် လူမှုမီဒီယာလှုပ်ရှားမှုများ အများအပြား လုပ်ဆောင်ခဲ့သော်လည်း ထိုသို့သောလှုပ်ရှားမှုအားလုံးသည် လျင်မြန်သော ဆင်ဆာဖြတ်တောက်မှုကို ခံခဲ့ရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly