ရေဦးမြို့နယ် ပိဋကတ်ကျ ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

ရေဦးမြို့နယ် ပိဋကတ်ကျ ကျေးရွာအနီးတွင် စစ်ကောင်စီစစ်ကြောင်း မိုင်းဆွဲခံရ

မတ်လ ၁၁ ရက်

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ပိဋကတ်ကျကျေးရွာအနီးတွင် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်ကို မတ်လ ၁၁ရက် မနက် ၃ နာရီအချိန်ခန့်တွင် ပြောက်ကျားတပ်ဖွဲ့က မိုင်းဆွဲတိုက်ခိုက်လိုက်ကြောင်း သိရသည်။

ခင်ဦးမြို့နယ်၊ မူးသားရွာတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်သား ၈၀ ခန့်မှာ ခင်ဦးမြို့နယ်အတွင်းရှိ ရွာများအား ဝင်ရောက်မီးရှို့ခဲ့ပြီးနောက် ရေဦးမြို့၊ မူးမြစ်အနောက်ဘက်ရှိ ပိဋကတ်ကျကျေးရွာအား လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများ ပြုလုပ်ခြင်းကြောင့် ရေဦး-ရွှေဘိုလမ်းပေါ်တွင် မိုင်းဆွဲတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်ဟု ရေဦး PDFအဖွဲ့ထံမှ သိရသည်။

"ခင်ဦးထဲမှာ ပတ်မွှေနေတဲ့ခွေးတွေ(စစ်ကောင်စီတပ်ဖွဲ့)က မူးသာရွာမှာ တပ်ဆွဲပြီး အင်အားက ၉၄ ယောက်ရှိတာကို ၂၀လောက်ချန်ထားပြီး ၈၀ လောက်နဲ့ ရေဦးဘက်ကိုကူးလာပြီး လက်နက်ကြီးတွေနဲ့ ပစ်ဝင်လာတာ၊ တိုက်ပွဲဖြစ်တာလည်းမဟုတ်ဘူး၊ ရွာကိုဝင်စီးတဲ့သဘော၊အဲ့ဒါကြောင့် မိုင်းဆွဲလိုက်တာ" ဟု ရေဦးPDF အဖွဲ့ကပြောသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်ကောင်စီမှ သုံးပွင့်နှင့်ဗိုလ်တစ်ဦးအပါအဝင် စစ်ကောင်စီတပ်သားသုံးဦးသေဆုံးခဲ့ပြီး သေဆုံးသူများအား ရဟတ်ယာဥ်နှစ်စီးဖြင့် လာရောက်သယ်ဆောင်သွားကြောင်းသိရသည်။

ယင်းလုပ်ဆောင်မှုကို ရေဦးPDF အဖွဲ့နှင့် ရေဦး(ပ.က.ဖ)အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

ဖေဖော်ဝါရီလ ၂၈ရက်နေ့ကလည်း စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ အုတ်ဖိုကျေးရွာအတွင်းသို့စစ်ကောင်စီက အင်အား၈၀ခန့်ဖြင့် ဝင်ရောက်လာပြီး ပြောက်ကျားတပ်ဖွဲ့ဝင်များမှ စစ်ကောင်စီတပ်အား မိုင်းဆွဲတိုက်ခိုက်ရန် ရွာအတွင်းသို့ဝင်ရောက်ချိန်တွင် စစ်ကောင်စီတပ်မှသေနတ်ဖြင့်ပစ်ခတ်ကာ ပြောက်ကျားတပ်ဖွဲ့ဝင် ကို မီးရှို့သတ်ဖြတ်မှု ပြုလုပ်ခဲ့သည့် ဖြစ်ရပ် ဖြစ်ပွါးခဲ့သေးသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required