ရှင်ကျန်းပြည်နယ် မန်နက်ကောင်တီတွင် တရုတ်အာဏာပိုင်များက ဝီဂါ ၈၀၀ နီးပါးကို ဖမ်းဆီးထား

ရှင်ကျန်းပြည်နယ် မန်နက်ကောင်တီတွင် တရုတ်အာဏာပိုင်များက ဝီဂါ ၈၀၀ နီးပါးကို ဖမ်းဆီးထား

တရုတ်အာဏာပိုင်များသည် ရှင်ကျန်းဒေသ မန်နက်ကောင်တီတွင် ဝီဂါ ၈၀၀ နီးပါးကို ထိန်းသိမ်းထားကြောင်း အဆိုပါ ထိန်းသိမ်းရေးစခန်းတွင် ယခင်က လုပ်ကိုင်ခဲ့ဖူးသည့် တာဝန်ရှိသူတစ်ဦးကို ကိုးကား၍ RFA က ဖော်ပြခဲ့သည်။

အဆိုပါ ဝီဂါများကို ချုပ်နှောင်ထားသည့် ထိန်းသိမ်းရေးစခန်းတစ်ဖက်တွင် ယောက်ျား ၅၀၀ နီးပါး နေထိုင်ကြပြီး တစ်ဖက်တွင် အမျိုးသမီး ၂၇၀ ဝန်းကျင် ရှိသည့် အပိုင်း ၂ ပိုင်းအဖြစ် ခွဲခြားထားသည်ဟုဆိုသည်။

အဆိုပါ ဝီဂါအကျဉ်းသားများသည် ဆုတောင်းခြင်းကဲ့သို့သော “ပြင်းထန်သောရာဇဝတ်မှုများ” ကျူးလွန်မှုကြောင့် ဖမ်းဆီးခံထားရကြောင်းနှင့် စခန်းတွင် နိုင်ငံ့ဘာသာစကားဖြစ်သည့် မန်ဒရင်း တရုတ်ဘာသာစကားကို သင်ကြားပေးကြောင်း တာဝန်ရှိသူ၏ ပြောကြားချက်အရ သိရသည်။

အထူးသဖြင့် တိုင်းရင်းသားလူနည်းစုများကို နှိမ်နင်းမှုတစ်စိတ်တစ်ပိုင်းအနေဖြင့် တရုတ်အာဏာပိုင်များသည် ရှင်ကျန်းရှိ မွတ်စလင် ဝီဂါစီးပွားရေးသမားများ၊ ပညာရှင်များနှင့် ယဉ်ကျေးမှုနှင့်ဘာသာရေးဆိုင်ရာ ပုဂ္ဂိုလ်များကို နှစ်ပေါင်းများစွာ ပစ်မှတ်ထားပြီး ဖမ်းဆီးခဲ့ကြောင်း RFA က ဖော်ပြခဲ့သည်။

ဘာသာရေးအစွန်းရောက်မှုနှင့် အကြမ်းဖက်လှုပ်ရှားမှုများကို တားဆီးရန် ၂၀၁၇ ခုနှစ်မှစ၍ ဝီဂါနှင့် အခြားသော တာကစ်လူနည်းစု ၁ ဒသမ ၈ သန်းနီးပါးကို ရှင်ကျန်းရှိ ထိန်းသိမ်းရေးစခန်းများတွင် ထိန်းသိမ်းထားသည်။ ဝီဂါမူစလင်များကို အစုလိုက်အပြုံလိုက် ထိန်းသိမ်းရေးစခန်းများသို့ ပို့ခြင်း၊ ၎င်းတို့၏ ဘာသာရေးလုပ်ငန်းများတွင် ဝင်ရောက်စွက်ဖက်ခြင်းနှင့် အတင်းအကျပ် ပြန်လည်ပညာပေးခြင်း သို့မဟုတ် အယူဝါဒသွတ်သွင်းခြင်းများ လုပ်ဆောင်ရန် လူမျိုးစုအဖွဲ့ဝင်များကို ပို့ဆောင်ခြင်းများကြောင့် တရုတ်နိုင်ငံသည် ကမ္ဘာ့နိုင်ငံများ၏ ပြစ်တင်ရှုတ်ချမှုကို ခံနေရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly