စီးပွားရေးဇုန်သတ်မှတ်ချက်ကို လေးစားရန် ဗီယက်နမ်က တရုတ်ကို တိုက်တွန်း

စီးပွားရေးဇုန်သတ်မှတ်ချက်ကို လေးစားရန် ဗီယက်နမ်က တရုတ်ကို တိုက်တွန်း

နိုင်ငံတကာတွင် တောင်တရုတ်ပင်လယ်ဟု လူသိများသော အရှေ့ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုကို တရုတ် က ကြေညာပြီးနောက် ဗီယက်နမ်က ၎င်းတို့သတ်မှတ်ထားသည့် သီးခြားစီးပွားရေးဇုန် (EEZ) နှင့် ကမ်းဦးရေ တိမ်ပိုင်းတို့ကို ကျူးကျော်ခြင်းမပြုရန် တရုတ်ကို တိုက်တွန်းခဲ့သည်။

“၁၉၈၂ခုနှစ် ကုလသမဂ္ဂ ပင်လယ်ဥပဒေဆိုင်ရာ ကွန်ဗင်းရှင်း (UNCLOS) ဆုံးဖြတ်ချက်အရ အထက်ဖော်ပြပါ ပင်လယ်ရေကြောင်း ဧရိယာသည် ဗီယက်နမ်နိုင်ငံ၏ သီးသန့် စီးပွားရေး ဇုန်နှင့် ကမ်းဦးရေ တိမ်ပိုင်း၏ တစ်စိတ်တစ်ပိုင်းဖြစ်သည်။ ဗီယက်နမ်၏ အချုပ်အခြာအာဏာကို လေးစားရန် တရုတ်ကို တောင်းဆိုထားပြီး အခြေအနေမရှုပ်ထွေးအောင်မပြုလုပ်ရန်နှင့် အရှေ့ပင်လယ်ဒေသတွင် ငြိမ်းချမ်းရေး၊ လုံခြုံရေးနှင့် တည်ငြိမ်ရေးကို ထိန်းသိမ်းရေးကို အထောက်အကူပြုရန်တောင်းဆိုထားသည်” ဟု ဗီယက်နမ် နိုင်ငံခြားရေး ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ အမျိုးသမီး လီသီသူဟန်က မတ်လ ၇ရက်တွင် ပြောကြား ခဲ့ကြောင်း VNExpress International သတင်းတွင် ဖော်ပြထားသည်။

ဗီယက်နမ်သည် အရှေ့ပင်လယ်တွင် ဖြစ်ပေါ်တိုးတက်မှုများကို အမြဲအနီးကပ်စောင့်ကြည့်နေပြီး ယင်း၏ အချုပ်အခြာအာဏာနှင့် တရားစီရင်ပိုင်ခွင့်ကို နိုင်ငံတကာဥပဒေနှင့် အညီအထူးသဖြင့် ၁၉၈၂ခုနှစ် UNCLOS နှင့်အညီ ကျင့်သုံးကြောင်း ဟန်က ပြောကြားခဲ့သည်။

ဟိုင်နန်ကျွန်းအနောက်တောင်ပိုင်းရှိ အရှေ့ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုပြုလုပ်မည်ဖြစ်သည့်အတွက် မဖြတ်သန်းရဇုန်တစ်ခု သတ်မှတ်ထားကြောင်း မတ်လ ၄ ရက်က ဟိုင်နန်ပင်လယ်ရေကြောင်း ဘေးကင်းရေး စီမံခန့်ခွဲမှုအဖွဲ့က ကြေညာခဲ့ပြီး စစ်ရေးလေ့ကျင့်မှုကို အဆိုပါနေ့တွင် စတင်ကာ မတ် ၁၅ ရက်အထိ ကြာမြင့်မည်ဖြစ်ကြောင်း VNExpress International က ဖော်ပြခဲ့သည်။

တရုတ်က မကြာသေးမီက အရှေ့ပင်လယ်တွင် စစ်ရေးလေ့ကျင့်မှုများစွာ ပြုလုပ်ခဲ့သဖြင့် ဒေသတွင်း တင်းမာမှုများကို အရှိန်မြှင့်ခဲ့သည်။

ဖေဖော်ဝါရီလလယ်တွင် တရုတ်ရေတပ်၏ Type 903 ထောက်ပို့သင်္ဘော ၁ စင်းနှင့် ဆေးရုံသင်္ဘော ၁ စင်း တို့သည် အရှေ့ပင်လယ်တွင် ရှာဖွေကယ်ဆယ်ရေးလေ့ကျင့်မှုများ ပြုလုပ်ရန် စေလွှတ်ခဲ့ပြီး အရှေ့ပင်လယ် တွင် ရေကြောင်း သယ်ယူပို့ဆောင်ရေးနှင့် ပစ်ခတ်လေ့ကျင့်မှုများပြုလုပ်ခဲ့သော်လည်း တိကျသော တည် နေရာကို ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း VNExpress International က ဖော်ပြခဲ့သည်။

တရုတ်ရေတပ်တိုးချဲ့မှုနှင့် တရားမဝင်တည်ဆောက်ထားသော ကျွန်းတုများတွင် စစ်စခန်းများ ထူထောင်မှု တို့ကြောင့် တောင်တရုတ်ပင်လယ်ဧရိယာအတွင်း တင်းမာမှုများ ဆက်လက်မြင့်တက်လျက်ရှိသည်။

အမေရိကန်၊ ဗြိတိန်၊ ပြင်သစ်နှင့် ဂျာမနီတို့ကဲ့သို့သော အနောက်အုပ်စုနိုင်ငံများကလည်း ဒေသတွင်း၌ ယင်းတို့၏ စစ်အင်အားကို တိုးမြှင့်ခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly