ဆောဒေသ ၂ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး

ဆောဒေသ ၂ ရက် တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၅ ဦး သေဆုံး

မတ် ၁၀

စစ်ကိုင်းတိုင်း၊ ဆောဒေသတွင် စစ်ကောင်စီတပ်နှင့် မဟာမိတ် ပူးပေါင်းတပ်များ အကြား ဖြစ်ပွားခဲ့သည့် နှစ်ရက် တိုက်ပွဲများတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် အနည်းဆုံး ၁၅ ဦး သေဆုံးကြောင်း ဆောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ယနေ့ မတ်လ ၁၀ ရက်တွင် ထုတ်ပြန်သည်။

တိုက်ပွဲအတွင်း နောက်ထပ် စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀ ဦးကျော် ထိခိုက် ဒဏ်ရာများ ရရှိကြောင်း ဆိုသည်။

ဆောဒေသမှ ကျောက်ထုဘက်သို့ ဦးတည် ထွက်ခွာလာသည့် အင်အား ၁၅၀ ကျော်ပါ စစ်ကောင်စီ စစ်ကြောင်းကို ဆောနှင့် လယ်ကြီးအိုင့် ကျေးရွာ အကြား၌ မတ်လ ၈ ရက်နေ့နှင့် ၉ ရက်နေ့တို့တွင် ဒေသကာကွယ်ရေး မဟာမိတ် ပူးပေါင်းတပ်များက တိုက်မိုင်းထောင် တိုက်ခိုက်ခဲ့ခြင်း ဖြစ်သည်။

“ထောင်ထားတဲ့ တိုက်မိုင်းကို တိုးတာပါ၊ နောက် ထိပ်တိုက် ရင်ဆိုင်မှုကြောင့် ကျဆုံး၊ ဒဏ်ရာရခဲ့ ကြတာပါ၊ တိုက်မိုင်းဆိုတာ တစ်ခုခုနဲ့ ထိမိတာနဲ့ ပေါက်ကွဲတဲ့ မိုင်းပါ” ဟု ဆော PDF တာဝန်ရှိသူက မဇ္ဈိမကို ပြောသည်။

တိုက်ပွဲအတွင်း ပြောက်ကျား တိုက်ခိုက်မှုကြောင့် ဒေသ ကာကွယ်ရေး မဟာမိတ် ပူးပေါင်း တပ်ဖွဲ့ဝင်များ ထိခိုက်ကျဆုံးသူ မရှိဘဲ ဆုတ်ခွာ နိုင်ခဲ့ပြီး ရှေ့တန်းပြန် PDF များကို ဒေသခံများက သပြေပန်းများဖြင့် ကြိုဆိုခဲ့ကြာင်း သိရသည်။

တိုက်ခိုက်ခံရသော စစ်ကောင်စီ စစ်ကြောင်း လက်ကျန် စစ်သားများ ကျောက်ထု ဘက်သို့ ဆက်လက် ချီတက်နေ သော်လည်း ကျောက်ထု အမြောက်တပ်သို့ မရောက်သေးကြောင်း သိရသည်။

ဒေသခံများ အနေဖြင့် အာဏာသိမ်း စစ်ကောင်စီ တပ်ဖွဲ့ဝင်များ၏ လှုပ်ရှား သွားလာမှုကို အထူး စောင့်ကြည့်ပြီး သတင်းများ ပေးပို့ကြရန် ဆော PDF တပ်ဖွဲ့က မေတ္တာရပ်ခံ ထားသည်။

ဆောဒေသတွင် ဒေသခံ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ဝင်များနှင့် အာဏာသိမ်း စစ်ကောင်စီတပ်များ အကြား နေ့စဉ် ဆက်တိုက် တိုက်ပွဲများ ဖြစ်ပွားနေပြီး နှစ်ဘက် စစ်ရေး တင်းမာနေဆဲ ဖြစ်သည်။

#Mizzima

#ဆောဒေသ

#PDF

#တိုက်မိုင်း

#ကျောက်ထု

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly