ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားရေး စင်္ကြံသစ်များ ဖွင့်လှစ်မည်ဟု ရုရှ ကတိကဝတ်ပြု 

ယူကရိန်းတွင် လူသားချင်းစာနာထောက်ထားရေး စင်္ကြံသစ်များ ဖွင့်လှစ်မည်ဟု ရုရှ ကတိကဝတ်ပြု 

မတ် ၉

ယူကရိန်းစစ်ပွဲကြောင့် ရုရှကို အကြီးဆုံး စီးပွားရေး လက်နက်တစ်ရပ်ဖြင့် တိုက်ခိုက်ခြင်းအဖြစ် အမေရိကန်က ရုရှ ရေနံတင်သွင်းမှုကို ပိတ်ပင်လိုက်ချိန်မှာပင် ယူကရိန်း၌ ဝိုင်းရံပိတ်ဆို့ခံ မြို့များမှ ထွက်ပြေးနိုင်ရေး ကြိုးစားကြသော အရပ်သားများအတွက် လူသားချင်းစာနာထောက်ထားရေး စင်္ကြံသစ်များ ဗုဒ္ဓဟူးနေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း ရုရှက ကတိကဝတ်ပြုလာသည်။ 

ရုရှက ၎င်း၏ တပ်ဖွဲ့ဝင်များ လက်နက်ကြီးများဖြင့် တိုက်ခိုက်နေရာ မြို့ငါးမြို့တွင် စင်္ကြံလမ်းကြောင်းသစ်များကို ဖွင့်လှစ်မည်ဟု ပြောသော်လည်း ယူကရိန်းကမူ ရုရှသည် အရပ်သားများ ထွက်ခွာမည်ကို အမှန်တကယ် ခွင့်ပြုလိုပုံ မရကြောင်း ပြောပြီး စင်္ကြံတစ်လမ်းကိုလည်း ဗုံးကြဲခဲ့သည်ဟု စွပ်စွဲပြောဆိုသည်။ 

“ဒီ လုပ်ရပ်ဟာ လူမျိုးတုံးသတ်ဖြတ်မှုထက် မပိုဘူး”ဟု ယူကရိန်းကာကွယ်ရေးဝန်ကြီးဌာနက ဖေ့ဘုတ်တွင် ရေးသားသည်။ 

ရုရှအပေါ် အမေရိကန်၏ ရေနံကုန်သွယ်မှု ပိတ်ပင်ခြင်းသည် ရုရှစီးပွားရေး၏ “ပင်မသွေးကြော”ကို ဖြတ်တောက်ပစ်ရာ ရောက်မည်ဟု သမ္မတ ဂျိုး ဘိုင်ဒင်က အင်္ဂါနေ့တွင် ပြောပြီး ယူကရိန်းက ရုရှခေါင်းဆောင် ဗလာဒီမာ ပူတင်အတွက် “ဘယ်တော့မှ အောင်ပွဲ ဖြစ်မည်မဟုတ်”ဟုဆိုကာ ယတိပြတ် ပြောဆိုသည်။ 

ကျူးကျော်စစ်ကြောင့် ဥရောပတွင် အကြီးဆုံး စစ်ပွဲပေါ်ပေါက်ပြီး ဒုတိယကမ္ဘာစစ်နောက်ပိုင်း ဥရောပ၌ အကြီးမားဆုံး ဒုက္ခသည် အကျပ်အတည်းကို ဖြစ်ပေါ်စေသည်။ အနောက်အုပ်စုများက ရုရှကို ဒဏ်ခတ်ပိတ်ဆို့မှုများဖြင့် တုံ့ပြန်ကြသဖြင့် ကမ္ဘာ့စီးပွားရေးကို ဂယက်ရိုက်ခတ်လျက် ရှိနေသည်။ 

လူသားချင်းစာနာထောက်ထားရေး စင်္ကြံသစ်များကို မြို့တော် ကိယက်ဗ်၊ မာရူပိုဆိပ်ကမ်းမြို့၊ ခါကိဗ်၊ ဆူမီနှင့် ချာနီဟစ်ဗ်မြို့များတွင် ဂရင်းနစ်စံတော်ချိန် ၀၇၀၀ နာရီ၌ ဖွင့်လှစ်မည်ဟု ရုရှကာကွယ်ရေးဝန်ကြီးဌာနက ပြောကြောင်း TASS သတင်းဌာနအရ သိရသည်။ 

အဆိုပါ စင်္ကြံသစ်များသည် ရုရှ သို့မဟုတ် ဘီလာရုစ်သို့ ဦးတည်သည်လားဆိုသည်ကိုမူ မပြောဆိုထားပေ။ ယခင် အရပ်သားများ ဘေးလွတ်ရာ ရွှေ့ပြောင်းရေး အစီအစဉ်၌ စင်္ကြံများက ရုရှနှင့် ဘီလာရုစ်သို့ဆီ ဦးတည်သည်ဆိုကာ ယူကရိန်းက ပယ်ချခဲ့ခြင်း ဖြစ်သည်။ 

ရုရှ၏ ပစ်ခတ်တိုက်ခိုက်မှုများမှ လွတ်မြောက်ရန် ယူကရိန်းနယ်စပ်တစ်လျှောက်သို့ ထွက်ပြေးလာသူပေါင်း နှစ်သန်းကျော်ထက်မနည်းရှိကြောင်း ကုလသမဂ္ဂက ပြောထားသည်။ 

သဘောတူထားသော လူသားချင်းစာနာထောက်ထားရေး စင်္ကြံအချို့မှနေ၍ အရပ်သားများကို အောင်မြင်စွာ ဘေးလွတ်ရာသို့ ရွှေ့ပြောင်းစေနိုင်မှု သတင်းများလည်း ကြားသိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required