စစ်ဘေးရှောင် အရေး ရတက်မအေး ( ဆောင်းပါး)

စစ်ဘေးရှောင် အရေး ရတက်မအေး ( ဆောင်းပါး)

မတ် ၉

စစ်ကိုင်းတိုင်းက ကနီမြို့နယ်သည် လက်နက်ကိုင်တော်လှန်ရေးကို တူမီးများဖြင့် စတင်အသက်သွင်းခဲ့သည့် အစောဆုံးမြို့နယ် တစ်ခုလည်း ဖြစ်သည်။

စစ်ကောင်စီ၏ အုပ်ချုပ်ရေး ယန္တရားလုံးဝဥဿုံပျက်စီးနေပြီး စစ်ကောင်စီအနေနှင့်လည်း နယ်မြေစိုးမိုးမှုရရှိရေးအတွက် အသည်းအသန် ကြိုးစားနေသည့် မြို့နယ်တစ်ခုဆိုရင်လည်း မှားနိုင်မည် မဟုတ်ပေ။

ကနီမြို့နယ်အတွင်း စစ်ကောင်စီတပ်များ ခြေချလိုက်သည်နှင့် တစ်ပြိုင်နက် တိုက်ပွဲစဖြစ်ပါတော့သည်။ပွဲတိုင်းလည်း စစ်ကောင်စီတပ်များ အထိနာသည်က များသည်။ တိုက်ပွဲဖြစ်သည်နှင့်တစ်ပြိုင်နက် ဒုက္ခခံရသူများမှာ ဒေသခံပြည်သူများပင်ဖြစ်သည်။ကူရာကယ်ရာမဲ့ ဘဝကို ခံစားရင်း စစ်ဘေးရှောင်နေသည့် များစွာသော ပြည်သူများထဲတွင် ကျနော့်အမေ ​ဒေါ် ဥမ္မာလည်း အပါအဝင်ဖြစ်ပါသည်။

ကျနော်တို့ ရွာနှင့် ကပ်လျက်ရှိသည့် ရွာများတွင် စစ်ကောင်စီတပ်များ တပ်စွဲလာပါက ကျနော့်အမေ ဒေါ်ဥမ္မာတစ်ယောက် အလုပ်စပြီး ရှုပ်ပါတော့သည်။စစ်ဘေးရှောင်သည့်အခါ စားဖို့ ကျနော်အမေ ပဲငါးပိကြော်နေစဥ်မှာ "ဥမ္မာရေ ဥမ္မာရေ”အရှေ့အိမ်က အဒေါ်ကြီးရဲ့ ခေါ်သံဖြစ်ပါသည်။

"ဟိတ်ကောင်မရေ စစ်သားတွေက ငါတို့ရွာဘက် ထွက်လာပြီလို့ ဦးကြီးအောင်က အခုလေးတင် ငါ့ဆီဖုန်းဆက်ပြီးပြောတယ်၊ ညည်းဘယ်ဆီသွားမှာလည်း ငါကတော့ အရှေ့တောသွားပြီး ရှောင်ရင် ကောင်းမလားလို့၊ ညည်းသွားရင် လှမ်းခေါ်အုံးနော်” စသဖြင့် စစ်သားများ လာသည်ဟူသော အသံများ ကြားလျင် အမေက ပျာယာခတ်နေတော့သည်။

ကျနော်က ဖြစ်နိုင်သည့် အခြေနေများကို တွက်၍ တောင်ဘက်ကို သွားမည်ဟု ပြောရာတွင် အမေက အိမ်နီးချင်း များသွားသည့် မြောက်အရပ်ကိုပဲ သွားမည်ဟု ပြောသည် မပြေးခင် အမေနှင့်ကျနော်က အရင်အော်ရပါသည်။

အမေ့ကို သားက ပြန်နားလည်ပေးရတာတွေ အများသား။ အမေက အမေ့ခေတ် အမေ့ဖြတ်သန်းမှုနဲ့ ပတ်ဝန်းကျင်ကို ကြည့်တယ်၊ မြင်တယ်၊ သုံးသပ်တယ်။ သားက သားခေတ်နဲ့ မြင်တယ်၊ သုံးသပ်တယ်။ မတူကြတာ ဘာဆန်းလဲပေါ့။ အမေက ကျနော်ကို ငေါက်ရင်းအော်ရင်း မျက်ရည်က ကျတတ်ပါသည်။

အမေက တောင်းစုတ်ပလုံးစုတ်ကအစ သိမ်းသည်၊ စစ်ကောင်စီ တပ်များက ရွာတွေကို မီးရှို့မူများဆက်တိုက် လုပ်လာသည့်နောက်ပိုင်း အမေ့မှာ အလုပ်တစ်ခု ထပ်ပိုလာပါတော့သည်။

ယင်းမှာ အခြားမဟုတ် အိမ်ကိုရေတွေလောင်းသည်။ အဝတ်တွေရေစိမ်သည်။ အိမ်ကို နှစ်ထပ်သော့ခတ်သည်။ တစ်ခါက အိမ်ကိုသော့ခလောက်ဖြင့်ခတ်၍ သော့တံက အိမ်အတွင်း တွင် မေ့ကျန်နေခဲ့လေသည်။ သူ့ကိုသူ စိတ်တိုပြီး"ဖေလိုးဘဲ အရေးမှကြီးပါသည်ဟု”လည်း ပါးစပ်က မြည်တွန်နေတတ်သည် ။

ယင်းအခြေနေများကို ကြည့်နေသည့် ကျနော် က ပြုံးမိပါသည်။ပြီးတော့ အမေ့ကိုလည်း သနားမိသည်။အိမ်အတွင်းက သော့ကို ပြတင်းပေါက်ကနေ တုတ်ဖြင့်ချူ၍ ယူရပါသည်။ အိမ်အပြင်ရောက်သည့်အခါ သံကြိုးကို သော့ဖြင့်ခတ်ရာတွင် သံကြိုးပေါက် ထဲကို သော့ထည့်ရာမှာ တော်တော်နှင့်ထည့်၍ မရသည့်အခါ သံကြိုးပေါက်ကျဉ်းနေသည့် အပြစ်ကို အမေပြောနေသည့်အချိန် ကျနော်က

"ထိုးသော်တည့်၊ထိုးသော်

ကြိုး ချော်လို့သွား

အမယ်အို အမြင်ကပ်တဲ့

အပ်ရွှေ နဖား ”ဆိုသည့် ရှေးကဗျာလေးကို ရုတ်တရက် သတိရသွားသည်။

အသက်အရွယ် ရလာသည့်အမေက မျက်စိမှုံနေသည့်အဖြစ်ကို မမြင်ဘဲ သံကြိုးပေါက်ကျဉ်းနေသည့် အပြစ်ကို မြင်နေသည့် အမေ့ကို ကျနော်က စောဒက မတက်ရဲပေ။ အမေဆုံးဖြတ်သည့် အရပ်ကို ရွေးရင်း ကျနော်တို့ သားအမိလည်း အထုပ်အပိုးများနှင့် အန္တရာယ်ကင်းရာ အရပ်သို့ သုတ်ခြေတင်ရပါတော့သည်။

ကျနော်တို့ ရွာကို စွန့်ခွာပြီး မကြာမီပင် စစ်ကောင်စီ တပ်များနှင့် ဒေသခံကာကွယ်ရေး တပ်များအကြားတိုက်ပွဲ ဖြစ်ပွားခဲ့ပါသည်။

စစ်ကောင်စီ တပ်သားများပိတ်မိနေသည့် အချိန်တွင် စစ်ကောင်စီ တပ်က တူမီးရဲဘော်များကို လေကြောင်းသုံး၍ MI 35 အမျိုးစား လေယာဉ် နှစ်စီးဖြင့် Rocket များ​ အဆက်မပြတ် ထု၍ တိုက်ခိုက် နေသည့် မြင်ကွင်းသည် ပြည်သူများ အတွက် ကူရာကယ်ရာ မဲ့ခဲ့ရပါသည်။

ကျနော့်အမေကို လှမ်း၍ ကြည့်လိုက်စဥ်မှာ အမေမျက်နှာ မကောင်းပါ ။ပြိုတော့မည့်တိမ်တွေပမာ အမေ မျက်နှာက ရွှင်လန်းမှုများ ပျောက်ဆုံးနေလေသည်။ စစ်ကောင်စီ ၏MI 35 လေယာဥ် ကြီးကလည်း တစ်ဒုန်းဒုန်း ဖြင့် ထိပ်မှ မီးများ ပွင့်ကာ အဆက်မပြတ် ပစ်၍ PDF ရဲဘော်များကို လူသားဆန်မှုမဲ့စွာ ပြုလုပ်နေသည်။

တိုက်ပွဲ တွင်းက ရဲဘော်များ အတွက်လည်း ကျနော့်အမေ စိုးရိမ်နေဟန်တူပါသည် ။အမေ့ မျက်ဝန်းများထဲတွင် ထန်းစကလေးများမှရစ်ဝိုင်း၍ ကျလာသော ထန်းရည် စက်ပေါက် ကလေးများပမာ ဝိုင်း၍ ကျလာသော မျက်ရည်များကိုသုတ်ရင်း မင်းအောင်လှိုင်ကို မေတ္တာ ပို့နေသည့်အသံများ ယဲ့ယဲ့မျှ ကျနော် ကြားလိုက်ရပါသည်။

"ကျွေးတဲ့လက်ကို ပြန်ကိုက်သည့် ခွေးများပမာ” ကျနော်တို့ပြည်သူလူထုက ကျွေးမွေးခဲ့သည့် စစ်ကောင်စီတပ်က လေကြောင်းသုံး၍ အနိုင်ကျင့်နေသည့် ဖြစ်ရပ်ကို ဘယ်လိုနှလုံးသားမျိုးနှင့် ခံစားနိုင်မည်လော။ စစ်လက်နက်အရ အင်အားကြီးမားသာလွန်သည့် စစ်ကောင်စီတပ်ကို ပြောက်ကျားနည်း(Guerrila war) ဖြင့် ခုခံနေသည့် PDF ရဲဘော်များ ပြန်ဆုတ်ခဲ့ရပါသည်။

စစ်ပွဲနှင့် တိုက်ပွဲ ကိုလည်း ခွဲခြား သိမြင်တတ်ရန် လိုအပ်ပါသည်။ စစ်ပွဲတွင် တိုက်ပွဲပေါင်း များစွာ ပါဝင်ပြီး တိုက်ပွဲတွင် ခုခံခြင်း ၊ဆုတ်ခွာခြင်း များပါဝင်ပါသည်။

မကြာမီပင် ကျနော် တို့ သ.မ.ခ ရွာကလေးကို ခွေး(စစ်ကောင်စီတပ်ဖွဲ့)များ တပ်စွဲ နေပါတော့သည်။ ဆိုင်ကယ်သံ ၊ လူသံ ၊ လှည်းဝင်ရိုး သံ တစ်ညံညံ ဖြင့်သာယာနေသည့် ကျနော် တို့ သ.မ.ခ ရွာကလေးသည် စစ်ကောင်စီ တပ်၏ သေနတ် ဘောက်ဆွဲသံများ၊ လက်နက် ကြီးသံ များအောက်တွင် လွင့်ပြယ် ပျောက်ကွယ် သွားပါတော့သည်။

ကျနော်နှင့်ကျနော့်အမေအပါအဝင် တစ်ရွာလုံး စစ်ဘေးရှောင် ဘဝသို့ ရောက်ခဲ့ရပါတော့သည်။ ဆောင်းတွင်းစစ်ဘေးရှောင်ရသည်မှာ အအေးဒဏ်ကို အလူးအလဲ ခံရပါသည်။

ကျနော့်အမေက မကြာခဏ ရင်ကျပ်တတ်ပါသည်။စစ်ဘေးရှောင်နေသည့် တောထဲတွင် အဘထ ရှူဆေးနှင့် ထွန်းရွှေဝါမှလွဲ၍ အခြားဆေးမရှိပါ။

အမေ့ရောဂါက တော်တော်လေးဆိုးနေသည် ။ထွန်းရွှေဝါလိမ်း၍ အချိန်တော်ကြာ နှိပ်ပေးရလေသည်။ သူ့သား ဖြစ်သည့် ကျနော့်ကို သူ့အနားမှ တစ်ဖဝါးမျှမခွာစေချင်လို။ အန္တရာယ်ဖြင့်ကြုံကြိုက်လာလျင်လည်း ကြက်မတစ်ကောင်က သားသမီး များကို ကာကွယ်ပေးသကဲ့သို့ ရင်ကိုကော့၍ ကာကွယ်ပေးစေလိုသည့် သတ္တိမျိုး၊ချစ်ခြင်းမေတ္တာမျိုးကို အမေ့ထံတွင် ကျနော် မြင်နေရပါသည်။

အမေကို နှိပ်ပေးရင်း အသံကျယ်ကျယ် တစ်ခု ရုတ်တရက် ထွက်ပေါ်လာပါသည် ။သရက်ပင်အောက်တွင် သန်းရှာနေသည့် အဒေါ်တစ်ယောက်က ပြောသံသည် "ဖျာကို တုတ်နဲ့ရိုက်တဲ့ အသံဟု”နောက်တစ်ယောက် က ထပ်၍ ဆိုသည်။”မိုးချိန်းသံ “စသဖြင့် ဘာသံညာသံ ဟု ပြောနေစဥ်တွင် ကျနော့်ဆီ ဖုန်းmisscall တစ်ခုဝင်လာပါသည်။

ကျနော် သူငယ်ချင်း ပေသီး၏ ဖုန်းဖြစ်ပါသည်။ ကျနော် ဆက်၍ အကြောင်း အကျိုးကို မေးလိုက်သည့် အခါ အစက ပေါ်ထွက်လာသည့် အသံမှာ စစ်ကောင်စီ တပ်၏ ရမ်းသန်းပစ်ခတ် လိုက်သည့်ဗုံးသီး အသံဖြစ်၍ ယင်းပစ်ခတ်မူတွင် ကျနော်သူငယ်ချင်း ပေသီး၏ အဖွား ဗုံးသီးထိမှန်၍ သေဆုံးခဲ့ပါသည်။

ကျနော်သူငယ်ချင်း ပေသီးကို ဖြောင့်ဖျပေးရင်း ​ပေသီးအဖွားကို တိတ်တဆိတ် မီးရှို့ သင်္ဂြိုလ် ပေးခဲ့ရသေးသည်။စစ်ဘေးရှောင် ဆိုသည်မှာTV ထဲတွင်သာ မြင်ခဲ့ရသည့် ကျနော်တို့အဖို့ များစွာ အခက်အခဲများဖြင့် ကြုံတွေ့ခဲ့ရပါသည်။

ယင်းအခက်အခဲများတွင် တောထဲတွင် ရေပြတ်သည့် အချိန်မျိုးလည်း ကြုံကြိုက်ခဲ့ရပါသည် ၊ တစ်လီတာ ရေသန့်ဘူး ငါးရစ်ကို ၂ ရက်ကြာအထိ သားအမိနှစ်ယောက် ​ချွေတာ၍ သောက်ခဲ့ရသည့် အခြေနေများကို မေ့နိုင်မည်မဟုတ်ပေ။

ကျနော်တို့ စစ်ဘေးရှောင်ဘဝ ကို ၃ ရက်တိတိ ဖြတ်သန်းပြီးနောက် ၄ ရက်မြောက်နေ့တွင် စစ်ကောင်စီ တပ်များ ကျနော်တို့ရွာမှ ထွက်ခွာ၍ သွားကြလေသည်။

စစ်ကောင်စီတပ်များ ထွက်ခွာသွားပြီနောက် ကျနော် တို့လည်း အိမ်ကိုပြန်၍ကပ်လေသည်။ ကျနော်တို့ အိမ်ကလေးမှာ တံခါးများ ပွင့်၍ နေလေသည်။ သော့များကိုဖျက်၍ အိမ်အတွင်း ရှိ ပစ္စည်းများ ဖျက်ဆီးပြီး မွှေနှောက်ထားသည်မှာ ဝက်သိုက် တစ်ခုလို ပြန့်ကျဲနေလေသည်။

ကျနော်တို့ အိမ်၏ နှစ်ဝန်းအကျော်ရှိ ဒေါ်ငွေစုတစ်ယောက်မှာ မီးဖို​ချောင်အတွင်းရှိ ကြောင်အိမ် ဖွင့်လိုက်ချိန်တွင် စစ်ကောင်စီ တပ်သားများ ထောင်ထားခဲ့သည့် မိုင်းကွဲ၍ဆုံးပါးခဲ့ရရှာလေသည်။

ယင်းဖြစ်ရပ်များမှာ အံ့သြတုန်လှုပ်ဖွယ်ရာကောင်းလှပေသည်။ စစ်ကောင်စီတပ်များ တပ်စွဲနေသည့်ရွာများရှိ ဒေသခံများမှာ အသက်လု၍ ပြေးရရှာသည်။

အပြစ်မရှိတဲ့သူလည်းသတ်၊ရူးတဲ့သူလည်း သတ်နေသည့် စစ်ကောင်စီ တပ်၏ လူမဆန်သော လုပ်ရပ်များကို ကြုံတွေ့ရပြီး စိတ်ဆင်းရဲ သောက ရောက်နေသည့်အမေ့ကို ကြည့်ရင်း ကျနော် လည်းသက်ပြင်းရှည်တစ်ခုချမိပါတော့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required