ကချောင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ ဆို

ကချောင်းရွာ တိုက်ပွဲတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅ ဦး သေဆုံးဟု ချင်းကာကွယ်ရေးတပ်ဖွဲ့ ဆို

မတ် ၉

မကွေးတိုင်းနှင့် ချင်းပြည်နယ် အစပ်ရှိ ကချောင်းရွာထိပ် တိုက်ပွဲတွင် စစ်ကောင်စီ တပ်ဖွဲ့ဝင် ငါးဉီး သေဆုံးပြီး ကိုးဉီး ဒဏ်ရာရခဲ့ကြောင်း ချင်းကာကွယ်ရေး တပ်ဖွဲ့ (ကန်ပက်လက်) CDF-Kanpetlet က ထုတ်ပြန်သည်။

ယနေ့ မတ်လ ၉ ရက် နံနက် ၁၀ နာရီ ၃၀ မိနစ်တွင် တိုက်ပွဲ စတင် ဖြစ်ပွားပြီး တစ်နာရီကျော်ကြာ တိုက်ပွဲ ပြင်းထန်ခဲ့ကာ စစ်ကောင်စီတပ်များ နေရာယူစဉ် ယောဒေသ ကာကွယ်ရေးတပ် ထောင်ထားသည့် မိုင်းများ နင်းမိ၍ အထိနာခဲ့ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲတွင် CDF-Kanpetlet နှင့် ယောဒေသ ကာကွယ်ရေးတပ်ဖွဲ့ (The Youth Force) တို့ ပူးပေါင်း တိုက်ခိုက်ခဲ့ပြီး အထိအခိုက် မရှိ ဆုတ်ခွာ နိုင်ခဲ့ကြောင်း သိရသည်။

မတ်လ ၇ ရက်နေ့က ကန်ပက်လက်မြို့နယ် ဆောက်လုပ်ဆဲ လေယာဉ်ကွင်းတွင် တိုက်ပွဲ နှစ်ကြိမ် ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ် ဗိုလ်ကြီး အပါအဝင် ခြောက်ဉီး သေဆုံးကြောင်း CDF-Kanpetlet တာဝန်ရှိသူက ပြောသည်။

လက်ရှိ စစ်ကောင်စီတပ်များ ကန်ပက်လက်မြို့အတွင်း အင်အား အဆမတန် ဖြည့်တင်းမှုများ ဆက်တိုက် ပြုလုပ်နေရာ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားနိုင်သောကြောင့် ထုတ်ပြန်ချက်များကို အလေးအနက်ထား လိုက်နာပေးရန် CDF-Kanpetlet က တိုက်တွန်းထားသည်။

#Mizzima

#ကချောင်းရွာ

#CDFKanpetlet

#TheYouthForce

#တိုက်ပွဲ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly