ယူကရိန်းအရေးတွင် ရုရှားနှင့် အနောက်နိုင်ငံများကြား ဟန်ချက်ညီရေး တရုတ် ကြိုးစားနေ

ယူကရိန်းအရေးတွင် ရုရှားနှင့် အနောက်နိုင်ငံများကြား ဟန်ချက်ညီရေး တရုတ် ကြိုးစားနေ

အနောက်နိုင်ငံများ အထူးသဖြင့် အမေရိကန်နှင့် နောက်ထပ် ဆက်ဆံရေးတင်းမာမှုများကို အနည်းဆုံး ဖြစ်ရေး ကြိုးပမ်းနေသည့် တရုတ်ခေါင်းဆောင်များသည် ရုရှားက ယူကရိန်းကို ကျူးကျော်ဝင်ရောက်ချိန်တွင် ရုရှားနှင့် ပိုမိုနီးကပ်ဆက်နွှယ်လာသည့် ဆက်ဆံရေးကို ထိန်းသိမ်းရန် ကြိုးပမ်းရာတွင် မသေချာမရေရာသော အခြေအနေများနှင့် ကြုံတွေ့နေရသည်။

ယူကရိန်းအပါအဝင် နိုင်ငံအားလုံး၏ အချုပ်အခြာအာဏာနှင့် နယ်မြေပိုင်ဆိုင်မှုကို လေးစား လိုက်နာရန် တရုတ်နိုင်ငံက ခိုင်မာစွာ ထောက်ခံအားပေးနေကြောင်း ဖေဖော်ဝါရီ ၂၅ ရက်တွင် တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိက ဥရောပထိပ်တန်းအရာရှိများအား ပြောကြားခဲ့သည်။

ထို့ပြင် နေတိုးအဖွဲ့၏ အရှေ့ဘက်သို့ တိုးချဲ့မှုကို ဝမ်က ဒေါသသံဖြင့် ၅ ကြိမ်ဆက်တိုက် မှတ်ချက်ပြု ပြောကြားရာတွင် "ရုရှား၏ တရားဝင်လုံခြုံရေး တောင်းဆိုချက်များကို အလေးအနက်ထား၍ မှန်ကန်စွာ ကိုင်တွယ်ဖြေရှင်းသင့်သည်" ဟု ပြောကြားခဲ့သည်ဟု France 24 သတင်းတွင် ဖော်ပြထားသည်။

"တရုတ်က ရပ်တည်ချက်ကို ဟန်ချက်ညီအောင် လုပ်ဆောင်နေသော်လည်း လုပ်ငန်းစဉ်တွင် ယင်း၏ ကိုယ်ပိုင် အကျိုးစီးပွားနှင့် အခြေခံမူများကို ဘယ်တော့မှ မျက်ကွယ်မပြုပါ" ဟု ပါရဂူဘွဲ့လွန်သုတေသီတစ်ဦးနှင့် ဥရောပနှင့် တရုတ်ရေးရာ ကျွမ်းကျင်သူ အန်နာ ဖီရန်စီးက ပြောကြားခဲ့သည်။

ထိုနေ့တွင်ပင် တရုတ်သမ္မတ ရှီနှင့် ရုရှားသမ္မတပူတင်တို့အကြား ဖုန်းခေါ်ဆိုခဲ့သော်လည်း ရုရှားနှင့် ပတ်သက် သည့် လုံခြုံရေးကောင်စီ၏ ဆုံးဖြတ်ချက်တွင် မဲမပေးဘဲ တရုတ်က ယင်း၏ ရပ်တည်ချက်ကို ဟန်ချက်ညီ စေရန် ကြိုးပမ်းခဲ့သလို တရုတ်သမ္မတက ယူကရိန်းအပေါ် ကျူးကျော်ခြင်းကို ထောက်ခံခြင်းမရှိသော်လည်း

ဆွေးနွေးမှုများမှတဆင့် ရုရှားနှင့် ယူကရိန်းတို့အကြား ပြဿနာကို ဖြေရှင်းခြင်းကို ထောက်ခံကြောင်း ပြောကြားခဲ့သည်” ဟု တရုတ်နိုင်ငံပိုင်မီဒီယာကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

"တရုတ်အနေနဲ့ ရုရှားနဲ့ ဆက်ဆံရေးကို ထိန်းသိမ်းထားပြီး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး အမေရိကန်နဲ့ ဥရောပ သမဂ္ဂနဲ့ ဆက်ဆံရေးကို မထိခိုက်စေဖို့ လိုလားနေပါတယ်" ဟု German Marshall Fund of the US အဖွဲ့မှ အာရှအစီအစဉ် ဒါရိုက်တာ ဘိုနီဂလက်စာ၏ ပြောကြားချက်ကို ကိုးကား၍ သတင်းတွင် ဖော်ပြထားသည်။

ထို့အတူ ရုရှားအပေါ် ပိတ်ဆို့အရေးယူမှုများ ပိုမိုများလာသည်နှင့် အမျှ တရုတ်စီးပွားရေးကို ပိုမိုပြင်းထန်စွာ ထိခိုက်လာနိုင်သည်။

တရုတ်နိုင်ငံသည် ယူကရိန်းမှ ဆန်၊ ပဲပုပ်နှင့် အဆင့်မြင့်နည်းပညာသုံး စက်ကိရိယာများကို တင်သွင်းခြင်းကြောင့် ယူကရိန်းအကျပ်အတည်းသည် ပြဿနာအသစ်များ ထပ်တိုးလာနိုင်သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly