တရုတ်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ဖေဖော်ဝါရီလတွင် ၆ လအတွင်း အနှေးကွေးဆုံး ဖြစ်သွား

တရုတ်တွင် ဝန်ဆောင်မှုလုပ်ငန်းများ ဖေဖော်ဝါရီလတွင် ၆ လအတွင်း အနှေးကွေးဆုံး ဖြစ်သွား

တရုတ်နိုင်ငံ၏ ပြိုလဲနေသော စက်မှုလုပ်ငန်းသည် ကိုဗစ်-၁၉ ကူးစက်ပျံ့နှံ့မှုကို ရပ်တန့်ရန် အစိုးရ၏ တင်းကျပ်သော ထိန်းချုပ်မှုအစီအမံများအကြား အားလျော့နေစဉ် ဖေဖော်ဝါရီအတွင်း တရုတ်နိုင်ငံ၏ ဝန်ဆောင်မှုကဏ္ဍလှုပ်ရှားဆောင်ရွက်မှုသည် ၆ လအတွင်း အနှေးကွေးဆုံးနှုန်း ဖြစ်လာကြောင်း စစ်တမ်းတစ်ခုက မတ်လ ၃ ရက်တွင် ဖော်ပြသည်။

ကုန်ထုတ်လုပ်မှုတိုင်းတာသည့် PMI အညွှန်းကိန်းသည် ဇန်နဝါရီလက ၅၁ ဒသမ ၄ ရှိရာမှ ဖေဖော်ဝါရီတွင် ၅၀ ဒသမ ၂ ရာခိုင်နှုန်းသို့ ကျဆင်းသွားပြီး ဩဂုတ်လနောက်ပိုင်း အနိမ့်ဆုံးဖြစ်သည်။

ကိုဗစ်-၁၉ ကူးစက်မှုသည် အခြားနိုင်ငံများနှင့်စာလျှင် နည်းပါးသွားသော်လည်း ဟောင်ကောင်တွင် ကူးစက်မှု တိုးလာခြင်းနှင့်အတူ မကြာသေးမီရက်သတ္တပတ်များအတွင်း တရုတ်မြို့ကြီးများသည် ဒေသတွင်း ကိုဗစ်-၁၉ ရောဂါဖြစ်ပွားမှုကို အသည်းအသန် တိုက်ဖျက်နေရသည်။

“ဝန်ဆောင်မှုဝယ်လိုအား လျော့နည်းသွားပြီးတော့ ဝန်ဆောင်မှုလုပ်ငန်းများလည်း ကျဆင်းသွားတယ်။ ဒေသအများအပြားမှာကိုဗစ်-၁၉ပျံ့နှံ့မှုက ဝန်ဆောင်မှုကုမ္ပဏီတွေရဲ့ လုပ်ငန်းလည်ပတ်မှုကို ထိခိုက်စေပါတယ်” ဟု Caixin Insight Group မှ အကြီးတန်းစီးပွားရေးပညာရှင် ဝမ်ကျဲက ပြောသည်။

"မူဝါဒချမှတ်သူတွေအနေနဲ့ အလုပ်ခန့်အပ်မှုကို အားပေးဖို့၊အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေအတွက် ဖွဲ့စည်းပုံဆိုင်ရာ ပံ့ပိုးမှုအားကောင်းစေဖို့နဲ့ ကုမ္ပဏီတွေအတွက် အခွန်ဝန်ထုပ်ဝန်ပိုးနဲ့ ရန်ပုံငွေရှာဖွေရေးကုန်ကျစရိတ်တွေကို ထိထိရောက်ရောက် လျှော့ချဖို့ လုပ်သင့်ပါတယ်" ဟု ဝမ်က ဆိုသည်။

တရုတ်စီးပွားရေးသည် ၂၀၂၀ ခုနှစ်တွင် ကပ်ရောဂါနွံမှ ရုန်းထနိုင်ခဲ့သော်လည်း အိမ်ခြံမြေဈေးကွက်တွင် ကြွေးမြီအကျပ်အတည်းနှင့် တင်းကျပ်သော ဗိုင်းရပ်စ်နှိမ်နင်းရေးအစီအမံများကြောင့် စားသုံးသူများ၏ ယုံကြည်မှုနှင့်သုံးစွဲနိုင်မှုကို ထိခိုက်လာသဖြင့်ယမန်နှစ် နွေရာသီတွင် တရုတ်၏စီးပွားရေးအရှိန်သည် နိမ့်ကျလာခဲ့သည်။

ထိပ်တန်းအရာရှိများသည် ယခုနှစ်အတွင်း တိုးတက်မှုတည်ငြိမ်စေရန် ကတိပြုထားပြီး အစိုးရက ယခုနှစ်အတွက် စီးပွားရေးဆိုင်ရာ ရည်မှန်းချက်များနှင့် အားတက်စေမည့်အစီအမံများ ထပ်မံ ထုတ်ဖော်ပြသဖွယ်ရှိသည့် မတ်လ ၅ ရက်တွင် စတင်မည့် ထိပ်တန်းဥပဒေပြုအဖွဲ့၏ နှစ်ပတ်လည် အစည်းအဝေးကို အားလုံးက စိတ်ဝင်စားနေကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly