လျှပ်စစ်မီးပြတ်တောက်မှုနှင့် မြို့ပြလူနေမှု (ဆောင်းပါး)

လျှပ်စစ်မီးပြတ်တောက်မှုနှင့် မြို့ပြလူနေမှု (ဆောင်းပါး)

မတ် ၉

စစ်ကောင်စီက အာဏာသိမ်းယူအပြီး ရှစ်လကျော် အကြာမှ စတင်၍ မြန်မာနိုင်ငံအနှံ့တွင် လျှပ်စစ်မီးပြတ်တောက်မှုများ ဖြစ်လာသည်။ ရန်ကုန်၊မန္တလေးနှင့် နေပြည်တော်မြို့များမှလွဲ၍ နေ့စဉ်အချိန်ကြာမြင့်စွာ လျှပ်စစ်မီးပြတ်တောက်မှုသည် ၂၀၂၁ အောက်တိုဘာလဆန်းပိုင်းက စ၍ ဖြစ်ပေါ်လာခြင်းဖြစ်သည်။

ဓာတ်အားလိုင်းကြိုးများ အဆင့်မြှင့်တင်နေခြင်းကြောင့် ၂၀၂၁ခုနှစ် နိုဝင်ဘာလအတွင်းမှ ၂၀၂၂ခုနှစ် ဇန်နဝါလအထိ အချိန်ပိုင်းလျှပ်စစ်မီး အနည်းငယ်ပြတ်တောက်မည်ဟု စစ်ကောင်စီက ကြေညာခဲ့သည်။

မီးပြတ်မည့် သတ်မှတ်ရက် ကျော်လွန်ချိန်တွင် လျှပ်စစ်မီး ပုံမှန်ပြန်လည်ရရှိခြင်းမရှိဘဲ ၂၀၂၂ခုနှစ် ဇန်နဝါရီလကစတင်ကာ ရန်ကုန်နှင့် မန္တလေးမြို့များပါ မီးပြတ်တောက်မှုများ အချိန်ကြာမြင့်စွာ မီးပြတ်ခြင်းဖြစ်လာသည်။

ဧရာဝတီတိုင်းကဲ့သို့ တိုင်းဒေသကြီးများတွင် နေ့စဉ် လျှပ်စစ်မီးရရှိခြင်းမှာ ဇန်နဝါရီလက စတင်ပြီး လက်ရှိအချိန်ထိ တစ်နေ့လျှင် ၈နာရီခန့်သာ ရရှိတော့ကာ လျှပ်စစ်မီးကို မှီခိုနေရသည့် အိမ်တွင်းလုပ်ငန်းအချို့ ဆက်လက်ရပ်တည်နိုင်ခြင်း မရှိဘဲ ရပ်တန့်လိုက်ရခြင်း ရှိသည်။

“အထည်ချုပ်တယ်ဆိုတာ အရင်ခေတ်ကလို ခြေနင်းစက်တွေနဲ့ ချုပ်ရတဲ့ခေတ်မဟုတ်တော့ဘူးလေ ပိတ်ညှပ်တာကအစ စက်နဲ့ညှပ်နေချိန်မှာ မီးမရရှိရင် ဘာမှလုပ်မရဘူး၊ ကိုယ့်ပညာနဲ့ အသက်မွေးဝမ်းကျောင်းအလုပ်က ဘာမှလုပ်မရဘူးဖြစ်နေတော့ အပ်ထည်တွေလက်ခံတာကို အရင်လိုလက်မခံရဲတော့ဘူး အကုန်နားထားတယ်၊ အခုက ဟင်းချက် မုန့်ချက်ပြီးရောင်းနေတယ်”ဟု ပုသိမ်မြို့တွင် ဖက်ရှင်ဒီဇိုင်နာအဖြစ် အသက်မွေးဝမ်းကျောင်းပြုနေသူ တစ်ဦးကပြောသည်။

လျှပ်စစ်ရထားပြေးဆွဲရန် ပြောဆိုဖူးသည့် စစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင်သည် ပြည်သူ့အစိုးရလက်ထက်က ကဲ့သို့ လျှပ်စစ်မီးရရှိရန် မလုပ်ဆောင်နိုင်ခဲ့ပေ။

စစ်ကောင်စီလက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက မတ်လ ၁၂ရက်နေ့မှစ၍ ၁၈ရက်နေ့အထိ မြန်မာနိုင်ငံအနှံ့မှာ ၂၄နာရီ မီးဖြတ်တောက်ထားမည်ဆိုသည့် ကြေညာချက်တစ်ခုကို မတ်လ ၆ရက်နေ့ညပိုင်းတွင် ထုတ်ပြန်သည်။

ရွှေကမ်းလွန်စီမံကိန်းတွင် ထပ်မံတူးဖော်တွေ့ရှိထားသည့် တွင်းသစ် နှစ်တွင်းမှ သဘာဝဓာတ်ငွေ့များကို လက်ရှိသွယ်တန်းအသုံးပြုနေသည့် ပိုက်လိုင်းများအတွင်း ထည့်သွင်းပို့လွှတ်နိုင်ရန် အတွက် ရေအောက်ပိုက်လိုင်း ဆက်သွယ်ခြင်းလုပ်ငန်းများကို လုပ်ဆောင်နေစဉ်မှာ လျှပ်စစ်မီးပြတ်တောက်မည် ဖြစ်ကြောင်း စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာနက ဆိုထားသည်။

၇ရက်ကြာ ၂၄နာရီမီးပြတ်တောက်မည် ဆိုသည့်အချက်မှာ မြို့ပြလူနေမှုအပေါ်ကို အလွန်ရိုက်ခတ်ခဲ့သည်။

“ဒီမနက် တိုက်ကရှိတဲ့သူတွေအကုန်လုံး အစည်းအဝေးခေါ်ကြတယ်၊ မီးပျက်ရင် ဘယ်လိုပုံစံဖြေရှင်းမလဲဆိုတာ၊ အဓိကက ရေပြဿနာပဲ၊ မီးမလာရင် ရေတင်မရဘူး၊ စက်မောင်းတင်ရအောင်လည်း မြေအောက်လှောင်ကန်အတွက်က ကွန်ပရက်ဆာစက်အကြီးတွေ ဒါကိုဘယ်လိုမောင်းမလဲ၊ ဆီဖိုးကလည်း မလွယ်ဘူး မီးစက်ကြီးကို ဘယ်နေရာမှာရှာမယ် ဘယ်လိုထားမယ်ဆိုတာလည်း နေရာမရှိဘူး”ဟု အလုံမြို့နယ်ရှိ တိုက်ခန်းပိုင်ရှင်တစ်ဦးက ပြောသည်။

၂၀၀၆ခုနှစ်က အခြေအနေကို ပြန်ရောက်သွားတော့မည်ဖြစ်ကြောင်း၊ ယင်းအချိန်က လျှပ်စစ်မီးအသုံးပြုသူ ယခုအချိန်ကဲ့သို့ မများသေးကြောင်း၊ လက်ရှိ စစ်ကောင်စီသည် ကြိုတင်တွက်ဆထားသည့် အစီအမံမရှိဘဲ နိုင်ငံ့ခေါင်းဆောင် ပြုလုပ်လိုခြင်းမှာ ပြည်သူများအတွက် ထိခိုက်နစ်နာနေရကြောင်း ရန်ကုန်မြို့နေ တိုက်ခန်းပိုင်ရှင်တချို့က ထောက်ပြပြောဆိုသည်။

လျှပ်စစ်မီးပြတ်တောက်မှုအချိန်ကြာမြင့်လာခြင်းသည် စစ်ကောင်စီ၏ ဓာတ်အားလိုင်းအချို့ ဖောက်ခွဲဖျက်ဆီးခံရခြင်းနှင့် ဓာတ်ငွေ့စျေးနှုန်းမြင့်တက်လာခြင်းကြောင့် LNGဓာတ်အားပေးစက်ရုံများ မလည်ပတ်နိုင်ခြင်းဖြစ်ကြောင်းကို စစ်ကောင်စီက အကြောင်းပြထားသည်။

စစ်ကောင်စီ၏ မီးပြတ်တောက်မည်ဆိုသည့် ထုတ်လာသည့်နောက်တွင် ယနေ့မတ်လ ၇ရက်နေ့တွင် ရန်ကုန်မြို့က လျှပ်စစ်ပစ္စည်းအရောင်းဆိုင်များက ပါဝါဘန့်(Power bank)များ ရောင်းအားကောင်းခဲ့သည်။

“မီးစက်ဝယ်မလားဆိုရင် တိုက်ခန်းတွေမှာ ဘယ်နေရာကို မီးစက်ထားရမလဲ၊ မီးတွေဘယ်လို ပြန်ဆင်ကြမလဲ၊ ဆီစျေးကလည်း နှစ်ထောင်ကျော်နေတာ၊ ဆိုလာပြားဆင်ရအောင်လည်း တိုက်ခန်းတွေဆိုတာ ဘယ်လိုဆင်ကြမလဲ၊ အင်ဗာတာဆိုတာကလည်း မီးလာမှ အားသွင်းလို့ရမှာ၊ ဟိုးအရင်ခေတ်ကလို ဘတ္ထရီအားသွင်းတဲ့ဆိုင်တွေ ပြန်ဖွင့်စားရမလိုဖြစ်နေတယ်”ဟု ရန်ကုန်မြို့ခံတစ်ဦးကပြောသည်။

စစ်ကောင်စီ၏ လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက ၂၄နာရီပြတ်တောက်မည်ဆိုခြင်းမှာ နားလည်မှုလွဲခြင်းသာဖြစ်ပြီး အချိန်ပိုင်းအလိုက် မီးပေးနိုင်ရန် စီစဉ်ထားကြောင်း ထပ်မံကြေညာထားသော်လည်း မြို့နယ်နှင့် အချိန်ကို ထည့်သွင်းထုတ်ပြန်ထားခြင်း မရှိပါ။

ပရဟိတအသင်းအချို့က လျှပ်စစ်မီးပြတ်တောက်မှု ကြာမြင့်လာပါက ရန်ကုန်မြို့အတွင်းမှာ ရေလှူဒါန်းမှုများ လုပ်ဆောင်ရန် စီစဉ်ထားကြောင်း သိရသည်။

“အခြားနေရာတွေထက် ကိုယ်အခြေပြုထားတဲ့ မြို့နယ်အတွင်းက နေရာတွေကို အရင်ဆုံးလှူဒါန်းဖို့တော့ လုပ်ထားတယ်၊ အထပ်မြင့်တွေကိုတော့ ပေးနိုင်မှာမဟုတ်ဘူး၊ အထပ်မြင့်တွေကတော့ အခန်းအောက်မှာ ရေထည့်ဖို့ချထားရင် လှူပေးခဲ့မယ် အဲ့လိုတော့ စဉ်းစားထားတယ်”ဟု အမည်မဖော်လိုသည့် အိမ်ယာဝင်းတစ်ခုကို အခြေပြုကာ ပရဟိတလုပ်ဆောင်နေသည့် လူမှုရေးအသင်းအဖွဲ့တစ်ခုက ပြောသည်။

လျှပ်စစ်မီးအချိန်ကြာမြင့်စွာ ဖြတ်တောက်မှု၏ နောက်ကွယ်တွင် နွေဦးတော်လှန်ရေးအင်အားစုများကို ဖိနှိပ်မှုများ လုပ်ဆောင်နိုင်ဖို့ အစီစဉ်အစိတ်အပိုင်းများလည်း ပါဝင်နိုင်ကြောင်း ရန်ကုန်မြို့ခံ တော်လှန်ရေးအင်အားစုများက ဆိုသည်။

“မီးမရရှိရင် ဖုန်းအားမသွင်းနိုင်ဘူး ဝိုင်ဖိုင်ဆိုတာ မလွယ်ဘူး၊ အခုတောင် ဝိုင်ဖိုင်တွေက မီးပျက်ချိန်ကြာရင် ပါဝါဘန့်နဲ့တွဲထားရင်တောင် လိုင်းကျနေတာ တကယ်ပျက်ရင်ပိုဆိုးမယ်၊ Clickတွေ ကျသွားနိုင်တယ်၊ အင်တာနက်ဆက်သွယ်ရေးတွေ ပြတ်တောက်သွားမယ်၊ သတင်းအမှောင်ချပြီး သူတို့လုပ်ချင်ရာကို လုပ်ဖို့အတွက် မီးဖြတ်မယ်လို့ အကြောင်းပြတာလည်း ဖြစ်နိုင်တယ်၊ အခုချိန်မှာ စစ်ကိုင်းနဲ့ကရင်နီမှာက တိုက်ပွဲတွေ အရှိန်မြင့်နေချိန်မို့ သူတို့လုပ်ချင်ရာ လုပ်ခွင့်ရဖို့ ဖြတ်တာလည်းဖြစ်နိုင်တယ်၊ သူတို့ဘာပဲလုပ်လုပ် အချိန်ရတိုင်း Clickဖို့လိုမယ် ဆက်ပြီးတော်လှန်နေဖို့လိုမယ်”ဟု တော်လှန်ရေးအင်အားစုက အဖွဲ့ဝင် တစ်ဦးက ပြောသည်။

စစ်ကောင်စီ၏ ထုတ်ပြန်ချက်၌ ဇွန်လအတွင်း လျှပ်စစ်မီးများ ပုံမှန်ပြန်လည်ရရှိရန် ရှိသည်ဟု ဆိုထားသည်။

၂၀၂၁ခုနှစ် စက်တင်ဘာလ ကာလကဲ့သို့ အချိန်မှာပါ လျှပ်စစ်မီးပြည့်ဝစွာ ရရှိနိုင်ရေး မလုပ်ဆောင်နိုင်သည့် စစ်ကောင်စီအနေဖြင့် ဇွန်လအတွင်း မီးအလုံအလောက်ရရှိနိုင်မည့် အခွင့်အလမ်းနည်းနေဦးမည်ဖြစ်သည်။

၂၄နာရီမီးဖြတ်တောက်မည်ဟု ကြေညာခြင်း မရှိသည့် ယခင်အချိန်ကာလအတွင်းမှာပင် ရန်ကုန်ကဲ့သို့ မြို့ပြတွင် တစ်နေ့လျှင် ၁၀နာရီခန့်သာ လျှပ်စစ်မီးရရှိနေမှုသည် စီမံခန့်ခွဲမှု ညံ့ဖျင်းခြင်း အထင်းသားပေါ်နေသည်။

ပြည်သူ့အစိုးရလက်ထက်ကကဲ့သို့ လျှပ်စစ်မီးပြတ်တောက်မည့် အချိန်များကို ကြိုတင်ကြေညာခြင်း၊ အလှည့်ကျမီးပေးနိုင်ရန် နေရာနှင့် အချိန်များကို ကြိုတင်ကြေညာခြင်းကို စစ်ကောင်စီ လုပ်ဆောင်နိုင်ခြင်းမရှိခဲ့ပါ။

လျှပ်စစ်မီးပြတ်တောက်မှု အချိန်ကြာမြင့်လာခြင်းနှင့်အတူ အသေးစား အလတ်စား စီးပွားရေးလုပ်ငန်းများစွာ ရပ်တန့်သွားခဲ့ရသည်များ ရှိနေသည်။

စက်ရုံအလုပ်ရုံများ၌ အချိန်ပိုင်းလိုက် လုပ်ငန်းခွဲဝေမှုများကို လုပ်ဆောင်နေရကြောင်း စက်မှုလုပ်ငန်းရှင်များက ဆိုထားသည်။

စစ်ကောင်စီအာဏာသိမ်းမှုအပြီး ဖြစ်ပေါ်လာသည့် ဆိုးရွားသည့် လျှပ်စစ်မီးပြတ်တောက်ခြင်းမှာ

စစ်ကောင်စီဆက်ရှိနေသ၍ ပြန်လည်ကောင်းမွန်လာနိုင်စရာ အခွင့်အလမ်းမရှိကြောင်း ပြည်သူများက ထောက်ပြ ပြောဆိုနေကြသည်။

#MizzimaTV

#လျှပ်စစ်မီးပြတ်တောက်မှု

#စစ်ကောင်စီ

#မြို့ပြ

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required