ပဲခူးရိုးမပေါ်  ဖြတ်သန်းသွားလာခြင်း မပြုရန် ကာကွယ်ရေးတပ်ဖွဲ့ သတိပေး 

ပဲခူးရိုးမပေါ်  ဖြတ်သန်းသွားလာခြင်း မပြုရန် ကာကွယ်ရေးတပ်ဖွဲ့ သတိပေး 

မတ်လ ၈ ရက်

ပဲခူးတိုင်း၊ တောင်ငူခရိုင်၊ ပဲခူးရိုးမ တောင်ခြေတစ်ဝိုက်နေ  ပြည်သူများ ရိုးမပေါ်  ဖြတ်သန်းသွားလာခြင်း မပြုရန် တောင်ငူခရိုင် ပြည်သူ့ကာကွယ်ရေး တပ်မတော် တပ်ရင်း (၃၅၀၁) ဘုရင့်နောင်တပ်ရင်းက မတ်လ ၇ ရက်နေ့တွင် သတိပေး ထုတ်ပြန်သည်။

စစ်ကောင်စီတပ် အင်အားအလုံးအရင်းဖြင့် ပဲခူးရိုးမတောင်ခြေ ရွာများတွင် တပ်စွဲကာ ရိုးမပေါ်  အရပ်ဝတ်ဖြင့် ဆ်ိုင်ကယ်၊ ဖောကားများ အသုံးပြု တက်ရောက်၍ PDF သတင်း ရယူနေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရိုးမပေါ်  အသွင်ယူ သတင်း စုံစမ်းနေသည့် စစ်ကောင်စီ တပ်ဖွဲ့များကို ပြင်းပြင်းထန်ထန်  တိုက်ခိုက်မည် ဖြစ်၍  ရွာသူ ရွာသားများ ဖြတ်သန်း သွားလာခြင်း မပြုရန် ထုတ်ပြန်ကြောင်း ဆိုသည်။

“စစ်ကောင်စီတပ်တွေက ရိုးမပေါ်ကို မတ်လ ၃ ရက်နေ့ ကတည်းက တက်မယ်လို့ သတင်းရလို့ တောင်ငူအမြန်လမ်း အနောက်ဘက် ရှစ်မိုင်လောက် ဝေးတဲ့ ဝက်ခေါက်စိန် အနောက်မြောက် နတ်ရေတွင်းရွာနားက ရကိုင်းချောင်းရိုးကွေ့မှာ မိုင်းထောင်ပြီး စောင့်နေကြတာ။ အဲ့ဒီနေ့က မတက်လာဘူး။ နောက်နေ့အထိ ရဲဘော်တွေက ဆက်စောင့်နေကြတယ်။ ၄ ရက်နေ့ နေ့လယ် ၁၁ နာရီလောက်မှာ စစ်ကောင်စီ အင်အား ၈၀ လောက် အတန်းလိုက် စစ်ကြောင်း ထိုးလာတယ်” ဟု ဘုရင့်နောင်တပ်ရင်း တာဝန်ရှိသူက ပြောသည်။

ယင်းစစ်ကြောင်းကို ကာကွယ်ရေးတပ်ဖွဲ့က မိုင်းလေးလုံး ဖောက်ခွဲပြီး ရှော့တိုက်ဒုံးဖြင့် လက်ဦးမှုယူ တိုက်ခိုက်ခဲ့ ခြင်းကြောင့် စစ်ကောင်စီတပ် အထိနာပြီး ဝက်ခေါက်စိန်ရွာ အနီးသို့ ပြန်လည် ဆုတ်ခွာ သွားကြောင်း ၄င်းက ဆိုသည်။

တိုက်ခိုက်မှုကြောင့် စစ်ကောင်စီ တပ်သား ၁၈ ဦး သေဆုံးကာ ဒဏ်ရာရသူများ ရှိကြောင်းအလောင်းများ လိုက်ထရပ်ကား အဖြူရောင်ဖြင့် လာရောက် တင်ဆောင်သွားကြောင်း  ကာကွယ်ရေး တပ်ဖွဲ့ဘက်က အထိအခိုက်မရှိဆုတ်ခွာ နိုင်ခဲ့ကြောင်း ဆိုသည်။

“အဲ့ဒီနေ့ တိုက်ပွဲဖြစ်ပြီးတော့ ညနေ ၃ နာရီဝန်းကျင်မှာ ဝက်ခေါက်စိန်ရွာကို စစ်ကား အင်အား အပြည်နဲ့ သုံးစီး ရောက်လာတယ်။ နောက်နေ့မှာလည်း စစ်ကားခြောက်စီးလောက်ထပ်ရောက်လာပြီး အဲ့အနီးဝန်းကျင်က ရွာတွေမှာ တပ်ဖြန့်ထားတယ်။ ဝက်ခေါက်စိန်ရွာ အနောက်မြောက်ဘက် လေချွန်တောင်ကြောကို စစ်ကြောင်း ထိုးမယ်လို့လည်း အတွင်းသတင်း ရထားတယ်” ဟု ၄င်းက ဆက်ပြောသည်။

လက်ရှိ ရိုးမပေါ်  ရွာခံများ ဖြတ်သန်း သွားလာမှု မရှိတော့ကြောင်း ယနေ့ မတ်လ ၈ ရက်မှ စတင်ပြီး ရိုးမအတွင်း တွေ့ရှိသူများကို စစ်ကောင်စီတပ်ဖွဲ့ဝင်များ အဖြစ် သတ်မှတ် တိုက်ခိုက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ပြည်သူများ ယခုလို ထုတ်ပြန်မှုကို နားလည်ပေးရန်နှင့် ပိုမို ပူးပေါင်းပေးရန်ကာကွယ်ရေးတပ်ဖွဲ့ သတင်းများ လျှို့ဝှက်ပေးရန် ဘုရင့်နောင်တပ်ရင်း တာဝန်ရှိသူက မေတ္တာရပ်ခံ ထားသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required