ယင်းမာပင်မြို့နယ် လက်ပန်တောရွာ ဘုန်းကြီးကျောင်း လက်နက် ကြီးဖြင့် ပစ်ခတ်ခံရ၊ အရပ်သား ၆ ဦးသေဆုံး

ယင်းမာပင်မြို့နယ် လက်ပန်တောရွာ ဘုန်းကြီးကျောင်း လက်နက် ကြီးဖြင့် ပစ်ခတ်ခံရ၊ အရပ်သား ၆ ဦးသေဆုံး

မတ် ၈

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ်၊ လက်ပန်တောကျေးရွာ ဒေသခံ စစ်ဘေးရှောင်များ ခိုလှုံနေသည့် ထိုရွာ ဘုန်းတော်ကြီးကျောင်းကို ယနေ့ မတ်လ ၈ ရက် နံနက် ၁၁ နာရီခန့်တွင် စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ရာ အရပ်သား ခြောက်ဦး သေဆုံးပြီး အနည်းဆုံး ၁၀ ဦးထက်မနည်း ထိခိုက်ဒဏ်ရာများ ရရှိထားကြောင်း ဒေသခံများက မဇ္ဈိကို အတည်ပြုသည်။

အင်အား ၇၀ ခန့်ပါ စစ်ကောင်စီတပ်က လက်ပန်တောကျေးရွာ ဘုရားကုန်းပေါ်တွင် နေရာယူကာ ထိုသို့ ပစ်ခတ်ခြင်းဖြစ်သည်ဟု ဒေသခံများက ပြောသည်။

“ဘုန်းကြီးကျောင်းထဲ လက်နက်ကြီး တည့်တည့်ကျလို့ ထိထားတယ်။ အဲဒီ လက်ပန်တောရွာထဲက အိမ်ထဲကလူတွေလည်း ခြောက်ယောက်လောက် ကျထားတယ်။ အရပ်သား ပြည်သူတွေပါ။ ဘုန်းကြီး ကျောင်းတွေကို လိုက်ထုနေတာ၊ ကံသာရွာက စာသင်ကျောင်းဘက်ကိုလည်း လှမ်းထုနေတယ်” ဟု ဒေသခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

စစ်ဘေးရှောင်များသည် ထိုဘုန်းကြီးကျောင်း၏ ဆွမ်းစားဆောင်တွင် နေထိုင်ကြရာ ယင်းနေရာပေါ်သို့ လက်နက်ကြီးကျည် ကျရောက် ပေါက်ကွဲခြင်းဖြစ်ကြောင်း သိရသည်။

မဇ္ဈိမက ဆက်သွယ်မေးမြန်းနေသည့် နေ့လယ်ပိုင်းအချိန်တွင် ဖုန်းမှတစ်ဆင့် စစ်ကောင်စီတပ်၏ လက်နက်ကြီး ပစ်ခတ် ပေါက်ကွဲသံနှင့် သေနတ်ပစ်ခတ်သံများကို ဆက်တိုက်ကြားနေရသည်။

လက်ရှိတွင် လက်ပန်တောရွာ ဘုန်းတော်ကြီးကျောင်းရှိ စစ်ဘေးရှောင်များအပါအဝင် ထိုရွာနှင့် ကပ်လျက်ရှိသည့် ကံသာရွာ ဘုန်းတော်ကြီးကျောင်းတွင် ခိုလှုံနေသည့် စစ်ဘေးရှောင်များပါ စစ်ကောင်စီ၏ လက်နက်ကြီး ပစ်ခတ်မှုများအကြား ပိတ်မိနေကြဆဲဖြစ်ကြောင်း သိရသည်။

ယင်းအပြင် ပ/သီးကုန်းကျေးရွာအုပ်စုရှိ ရှမ်းရွာ၊ ကျွန်းတော၊ အုန်းတော၊ ရွှေညောင်ပင် ကျေးရွာက ဒေသခံအများအပြား ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြရသည်။

“ပြည်သူတွေက ဘုန်းတော်ကြီးကျောင်းတွေ၊ ဓမ္မာရုံမှာပဲ ခိုလှုံနေရတော့ စစ်ဘေးရှောင်တွေ ရှိတဲ့နေရာကိုပဲ သိသိရင်းနဲ့ လှမ်းပစ်နေကြတာပါ” ဒေသခံတစ်ဦးက ပြောသည်။

ယင်းမာပင်မြို့နယ်တွင် အာဏာသိမ်းစစ်ကောင်စီတပ်သည် စစ်ကြောင်းများဖြန့်ကာ နေရာအနှံ့ ထိုးစစ်ဆင်နေပြီး အရပ်သားများကို ပစ်မှတ်ထား တိုက်ခိုက်ခြင်းနှင့် အရပ်သားနေအိမ်များ မီးရှို့ဖျက်ဆီးခြင်း ဆက်တိုက်ပြု လုပ်နေ ကြောင်း ဒေသခံများက ပြောသည်။

စစ်ကိုင်းတိုင်းဒေသကြီး နေရာအများအပြားကို အာဏာသိမ်း စစ်ကောင်စီတပ်က အင်တာနက်လှိုင်းများ ဖြတ်တောက်ထားကာ စစ်ဆင်ရေးပြုလုပ်နေပြီး လက်ရှိ တိုက်ပွဲဖြစ်ပွားနေသော ယင်းမာပင်မြို့နယ်တွင်လည်း မိုဘိုင်းလ် အင်တာနက်လိုင်းများ ဖြတ်တောက်ခံထားရသည်။

#Mizzima

#စစ်ကိုင်းတိုင်း

#ယင်းမာပင်မြို့

#စစ်ဘေးရှောင်

#လက်နက်ကြီး

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly