ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ နေအိမ်​ ၆၃ လုံး ပျက်စီး

ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာကို စစ်ကောင်စီတပ် မီးရှို့ နေအိမ်​ ၆၃ လုံး ပျက်စီး

မတ် ၇

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ် ဝဘာကျေးရွာကို စစ်ကောင်စီတပ်က အကြောင်းမဲ့ ဝင်ရောက် မီးရှို့ခဲ့ပြီး အိမ်ခြေ ၆၃ လုံးနှင့် ကျွဲနွားတိရ စ္ဆာန်များ မီးလောင် ဆုံးရှုံးခဲ့ကြောင်း ဒေသခံများက မဇ္စျိမကို ပြောသည်။

အကြမ်းဖက် စစ်ကောင်စီတပ်က မတ်လ ၅ ရက်နေ့ နေ့လယ် ၁၁ နာရီခန့်တွင် အင်အား ၃၀ ခန့်ဖြင့် ရွာအတွင်း ဝင်ရောက်ကာ မီးရှို့ ဖျက်ဆီးသွားခြင်း ဖြစ်သည်။

“ရွာထဲကို အင်အား ၃၀ လောက်နဲ့ ဝင်လာတယ်။ အရင်က နှစ်ခါ မီးရှို့ပြီးပြီ။ အခုက သုံးကြိမ်မြောက်။ ဘာကြောင့် အခုလို ဝင်ရှို့မှန်းကို မသိတာ။ ၆၃ အိမ် မီးရှို့ ခံရတယ်။ ကျွဲ နွား တွေလည်း မီးလောင်ပြီး သေကုန်တယ်။ သိန်း သောင်းနဲ့ ချီပြီး ဆုံးရှုံးမှု ရှိမယ်ထင်တယ်” ဟု ဝဘာရွာ ဒေသခံ တစ်ဦးက ပြောသည်။

ဝဘာရွာ၌ အိမ်ခြေ ၁၉၅ လုံး ရှိပြီး မီးရှို့ခံရခြင်းကြောင့် အိမ်ခြေ ၆၃ လုံး နှင့် ကျွဲ နွား တိရစ္ဆာန်များ မီးလောင် ဆုံးရှုံးခဲ့သော်လည်း လူ ထိခိုက်မှု မရှိခဲ့ပေ။

“စစ်တပ် ဝင်လာမယ်ဆိုပြီး သတင်းရလို့ ကြိုရှောင်ထားကြတော့ လူတွေတော့ ဖမ်းဆီးခံရတာ မရှိဘူး။ အခုထိလည်း ရွာနဲ့ဝေးရာမှာ ထွက်ပြေး တိမ်းရှောင်နေရတော့ အစားအသောက် အခက်အခဲတွေ ဖြစ်နေတယ်။ အင်တာနက်တွေလည်း ဖြတ်ထားတော့ သတင်း အမှောင် ချထားပြီးတော့ကို ဒီကောင်တွေ ရမ်းကားနေကြတာ” ဟု နောက်ထပ် ဒေသခံ တစ်ဦးက ဆိုသည်။

အကြမ်းဖက် စစ်ကောင်စီက စစ်ကိုင်းတိုင်း အတွင်းရှိ မြို့နယ် အများစုတွင် မတ်လ ၃ ရက်နေ့မှ စတင်ပြီး အင်တာနက် ဖြတ်တောက်ကာ စစ်ကြောင်းထိုးခြင်း၊ ရွာသူရွာသားများကို ဖမ်းဆီး သတ်ဖြတ်ခြင်းနှင့် ကျေးရွာများကို မီးရှို့ ဖျက်ဆီးခြင်းများ ဆက်တိုက် ပြုလုပ်လျက် ရှိသည်။

#MizzimaTV

#ဒီပဲယင်းမြို့နယ်

#ဝဘာကျေးရွာ

#မီးရှို့

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly