စစ်ကောင်စီက နေအိမ်ဖျက်ခိုင်းမှုကြောင့် မြစ်ငယ်မြို့က လူ ၂၀,၀၀ ခန့် နေထိုင်ရေး အခက်ကြုံ

စစ်ကောင်စီက နေအိမ်ဖျက်ခိုင်းမှုကြောင့် မြစ်ငယ်မြို့က လူ ၂၀,၀၀ ခန့် နေထိုင်ရေး အခက်ကြုံ

မတ် ၇

မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ မြစ်ငယ်မြို့တွင် စစ်ကောင်စီက ရပ်ကွက်အတွင်း လူနေအိမ်များကို ကျူးကျော်ဟုဆိုကာ ဖယ်ရှားရှင်းလင်းနေမှုကြောင့် ဒေသခံ လူဦးရေ ၂၀,၀၀ ဝန်းကျင်ခန့် နေထိုင်ရေး အခက်အခဲဖြစ်နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

မြစ်ငယ်မြို့ရှိ မီးရထား CDM ဝန်ထမ်းများ၏ နေအိမ်လိုင်းခန်းများကို စစ်ကောင်စီက မတ်လ ၅ ရက်နေ့တွင် လာရောက်ချိပ်ပိတ်ပြီးနောက် ဝန်ထမ်းအိမ်ရာအနီးရှိ လူနေအိမ်များကိုပါ သုံးရက်အတွင်း အပြီးဖြိုဖျက်ကာ ဖယ်ရှားခိုင်းနေခြင်း ဖြစ်သည်။

စစ်ကောင်စီက ဖယ်ရှားနေသည့် လူနေအိမ် စုစုပေါင်း ၅၀၀ ခန့်ရှိပြီး လူဦးရေ ၂၀,၀၀ ဝန်းကျင်ခန့် ရှိကာ ၎င်းတို့သည် သွားစရာနေရာမရှိဘဲ နေထိုင်ရေး အခက်ကြုံနေရခြင်းဖြစ်ကြောင်း ဒေသခံများက ဆိုသည်။

“ဝန်ထမ်းလိုင်းခန်းတွေကလွဲရင် တစ်မြို့လုံးက အိမ်တွေကို ဖျက်ခိုင်းတာ။ တချို့ဆို နှစ်ပေါင်း ၆၀ အထိ နေလာတဲ့ အိမ်တွေလည်း ပါတယ်” ဟု မြစ်ငယ်မြို့ခံတစ်ဦးက ပြောသည်။

မြစ်ငယ်မြို့ကို ရပ်ကွက် ၁၃ ခုဖြင့် ဖွဲ့စည်းထားပြီး မီးရထားဝန်ထမ်းအများစု နေထိုင်ကာ မီးရထားဝန်ထမ်း အင်အား ၅၀,၀၀ ခန့်ရှိသည်။ ရပ်ကွက် အများစုတွင် မီးရထားဝန်ထမ်း လိုင်းခန်းများရှိပြီး ဝန်ထမ်းလိုင်းခန်း မရှိသည့် ရပ်ကွက် နှစ်ခုသာ ရှိသည်ဟု ဒေသခံများက ပြောသည်။

စစ်ကောင်စီတပ်က အာဏာသိမ်းပြီးနောက် စစ်အာဏာရှင်ကို တစ်ခဲနက် ဆန့်ကျင်ပြီး CDM ပြုလုပ်ခဲ့သည့် မီးရထားဝန်ထမ်းများအနက် မြစ်ငယ်မြို့သည် CDM မီးရထား ဝန်ထမ်းများအများစုနေထိုင်ရာ မြို့တစ်မြို့ ဖြစ်ခဲ့သည်။

မီးရထားဝန်ထမ်း ၅၀၀၀ ခန့်ရှိသည့် မြစ်ငယ်မြို့တွင် CDM ပြုလုပ်သူ ၄၀၀၀ ခန့်ရှိသည်ဟု CDM မီးရထားဝန်ထမ်းများနှင့် နီးစပ်သူ မြစ်ငယ်ဒေသခံတစ်ဦးက ပြောသည်။

ထိုသို့ မီးရထား CDM ဝန်ထမ်းများ အားကောင်းနေခြင်းအပေါ် စစ်ကောင်စီက မတ်လ ၅ ရက်နေ့တွင် ရဲ နှင့် စစ်သား အင်အား ၄၀၀ ကျော်ဖြင့် မြစ်ငယ်မြို့ကို အဝင်အထွက် ပိတ်ဆို့ပြီး ဝန်ထမ်း လိုင်းခန်းများကို ချိပ်ပိတ်ကာ အနီးပတ်ဝန်းကျင်တွင် နေထိုင်သော လူနေအိမ်များကိုလည်း ရက်ပိုင်း အတွင်း ဖယ်ရှားခိုင်းလာခြင်း ဖြစ်သည်။

“လိုင်းခန်းဘေးမှာရှိတဲ့ အိမ်တွေ အကုန်လုံးကို ဖျက်ခိုင်းတယ်။ ဘေးက အိမ်လေးတွေကတော့ မပါဘူး ထင်နေကြတာ၊ အကုန်ဖျက်ရတယ်။ သူတို့က အင်အားနဲ့လာတော့ မလွန်ဆန်နိုင်ဘူးလေ။ ဘေးအိမ်တွေမှာ CDM တွေနေထိုင် တယ်လို့ ထင်ပုံရတယ်” ဟု မြစ်ငယ်မြို့ ဒေသခံနောက်ထပ်တစ်ဦးက ဆိုသည်။

အဆိုပါ နေအိမ်ဖျက်သိမ်းခံရသူများသည် တခြားကျေးရွာများရှိ နီးစပ်ရာ ဆွေမျိုးအိမ်များတွင် ယာယီပြောင်း ရွှေ့နေထိုင်နေကြရပြီး အခက်အခဲများစွာ ကြုံနေရကြောင်းလည်း နေအိမ်ဖျက်သိမ်း ခံရသူများက ပြောပြသည်။

ယမန်နေ့ မတ်လ ၆ ရက်နေ့တွင် စစ်ကောင်စီတပ်က မြစ်ငယ်မြို့ကို အင်အားအလုံးအရင်းဖြင့် မြို့အဝင်အထွက်များကို ပိတ်ဆို့ခြင်း၊ မြို့ပေါ်ကင်းလှည့်မှုများကို ပြုလုပ်ခဲ့သော်လည်း ယနေ့တွင် လှည့်ကင်းများ မတွေ့ရတော့သလို မြစ်ငယ်မြို့သည်လည်း ခြောက်ကပ်တိတ်ဆိတ်နေကြောင်း ဒေသခံများက ပြောသည်။

#Mizzima

#မြစ်ငယ်မြို့

#မန္တလေးတိုင်း

#CDM မီးရထားဝန်ထမ်း

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly