တရုတ်၌ အမျိုးသမီးများကို ကြိုးဖြင့် တုပ်နှောင်ထားခြင်း၊ လှောင်အိမ်ဖြင့် ချုပ်နှောင်ထားခြင်းများ ဖြစ်ပွားပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်

တရုတ်၌ အမျိုးသမီးများကို ကြိုးဖြင့် တုပ်နှောင်ထားခြင်း၊ လှောင်အိမ်ဖြင့် ချုပ်နှောင်ထားခြင်းများ ဖြစ်ပွားပြီးနောက် လူကုန်ကူးမှု တိုက်ဖျက်ရေး ဆောင်ရွက်

မတ် ၅

တရုတ်နိုင်ငံတွင် အမျိုးသမီးများကို ကြိုးဖြင့် တုပ်နှောင်ထားခြင်း၊ လှောင်အိမ်ဖြင့် ချုပ်နှောင်ထားခြင်းများ ဖြစ်ပွားခြင်းအပေါ် စိတ်ဆိုးဒေါသထွက်ကြရာမှ ဆယ်စုနှစ်များစွာ ပြဿနာဖြစ်နေသည့် အမျိုးသမီးများနှင့် ကလေးငယ်များကို အဓမ္မ သွေးဆောင်ခြင်းနှင့် လူကုန်ကူးခြင်းတို့အပေါ် နိုင်ငံနှင့် တစ်ဝန်း ဖြိုခွင်းနှိမ်နင်းခြင်းများ ဆောင်ရွက်လာသည်။

အများပြည်သူလုံခြုံရေး ဝန်ကြီးဌာနက လက်ညိုးထောင်ခေါင်းညိတ် လွှတ်တော်၏ နှစ်ပတ်လည် အစည်းအဝေးလွန်ခဲ့သည့်စနေနေ့က ဖွင့်လှစ်ခြင်း အကြိုတွင် ထိုသို့ ဖြိုခွင်းခြင်းအား ကြေညာခြင်း ဖြစ်ပြီး အနည်းဆုံး ကိုယ်စားလှယ် ခုနစ်ဦးက ယင်းအရေးကိစ္စရပ်အား စိတ်ဝင်စားကြောင်း ပြသခဲ့သည်။

ထိုသို့ ဖြိခွင်းခြင်းများကို နိုင်ငံရေးအရ ထိလွယ်ရှလွယ်သော ယခုနှစ် ဒီဇင်ဘာ ၃၁ ရက်အထိ ဆောင်ရွက်သွားမည် ဖြစ်သည်။

အာဏာရကွန်မြူနစ်ပါတီကို မကျေနပ်မှုများက သမ္မတ ရှီကျင့်ဖျင်၏ အစဉ်အလာကို ချိုးဖောက်သော နွေဦး ဆယ်နှစ် နှစ်ကြိမ်အစည်းအဝေး၌ ခေါင်းဆောင်အဖြစ် တတိယသက်တမ်း ဆက်ယူရေး အခွင့်အရေးအပေါ် ဘေးအန္တရာယ်များ ရှိနေချိန်၌ ယခုအရေးကိစ္စ ဖြစ်ပွားပေါ်ပေါက်ခြင်းလည်း ဖြစ်သည်။

မှတ်တမ်းမှတ်ရာ မရှိသည့် လမ်းပေါ်တွင် နေထိုင်သော အမျိုးသမီးနှင့် ကလေးများ၊ စိတ်ကျန်းမာရေး ခံစားနေရသူများနှင့် အသိဉာဏ်နှင့် ကိုယ်ခန္ဓာပိုင်းဆိုင် မသန်စွမ်းသူများကို စစ်ဆေးမှုများ ပြုလုပ်သွားမည်ဖြစ်ကြောင်း ရဲတပ်ဖွဲ့ကို ကွပ်ကဲရသည့် အဆိုပါ ဝန်ကြီးဌာနက Weibo လူမှုမီဒီယာတွင် ဆိုထားသည်။

အမျိုးသမီးနှင့် ကလေးငယ်များကို သွေးဆောင်ဖြားယောင်းခြင်းနှင့် လူကုန်ကူးခြင်းများအတွက် ရေခံမြေခံကို ပြတ်ပြတ်သားသား အမြစ်ဖြတ် ချေမှုန်းသွားမည်ဟု ဝန်ကြီးဌာနက ဗုဒ္ဓဟူးနေ့ ထုတ်ပြန်ချက်တွင် သံန္ဒိဌာန်ချပြောဆိုသည်။

ဖြိုခွင်းရေး ဆောင်ရွက်ချက်များသည် လူမှုတည်ငြိမ်ရေးကို ထိန်းသိမ်းနိုင်ရန်နှင့် ပါတီ၏ နွေဦးအစည်းအဝေး အောင်မြင်စွာ ကျင်းပနိုင်ရေးတို့ကို ရည်ရွယ်သည်ဟု အဆိုပါ ထုတ်ပြန်ချက်၌ ဖော်ပြသည်။

အရှေ့ပိုင်း ကျန်းစုပြည်နယ်တွင် ၁၉၉၈ ခုနှစ်က ရောင်းစားခြင်းခံရပြီး အမျိုးသားတစ်ဦးအတွက် ကလေး ရှစ်ယောက်အထိ မွေးပေးခဲ့ရသော အမျိုးသမီးတစ်ဦးကို လည်ပင်းတွင် သံကြိုးဖြင့်တုပ်နှောင်ထားသည့် ပုံများ ပြီးခဲ့သည့်လက ထွက်ပေါ်ခဲ့ပြီး အများပြည်သူ စိတ်ဆိုးဒေါထွက်မှုများ ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သည်။

ထိုဖြစ်ရပ်ကြောင့် အုတ်အော်သောင်းနင်း ဖြစ်ခြင်းများ မှေးမှိန်မည် ရှိကာနီးတွင် နောက်ထပ် ဖြစ်ရပ်တစ်ခုက ယခု သီတင်းပတ်အတွင်း အရှေ့မြောက်ပိုင်း ရှာအန်ရှီပြည်နယ်တွင် ဖြစ်ပွားပေါ်ပေါက်ခဲ့သည်။

အဆိုပါ ဖြစ်ရပ်မှာ တိုက်ရိုက်ထုတ်လွှင့်မှု ဗီဒီယိုတစ်ခု၌ အမျိုးသားတစ်ဦးက အမျိုးသမီးတစ်ဦးကို လှောင်အိမ်ထဲ ချုပ်နှောင်ထားပြီး ထွက်ပြေးရန် ကြိုးစားလျှင် ရိုက်နှက်မည်ဟု ပြောဆိုနေခြင်းဖြစ်သည်။

အွန်လိုင်းမှတ်ချက်များ၌ တရုတ်ပြည်သူ အများစုက အဆိုပါ မတော်မတရား ဖိနှိပ်ခြင်းများကို တုန်လှုပ်ခြောက်ခြားကာ စိတ်ဆိုးဒေါသထွက်ကြောင်း ဖော်ပြကြပြီး ဥပဒေဘက်သားများပင် ပါဝင်ကျူးလွန်နေပြီလား သို့မဟုတ် ဂရုစိုက်အလေးထားခြင်း မရှိခြင်းလားဟု မေးခွန်းများ ထွက်ပေါ်ခဲ့ရသည်။

ဓာတ်ပုံ- ကျန်းစုပြည်နယ်တွင် ၁၉၉၈ ခုနှစ်ကတည်းက ရောင်းစားခံခဲ့ရပြီး သံကြိုးများဖြင့်ချည်နှောင်ထားခံရသော မိခင်တစ်ဦး၏ဓာတ်ပုံများကို တွေ့ရှိခဲ့ကြပြီးနောက် လူကုန်ကူးသူများကိုအပြစ်ပေးအရေးယူမှုပိုမိုပြင်းပြင်းထန်ထန်လုပ်ရန်တွန်းလာခဲ့ကြသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required