တရုတ်အစိုးရက ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

By Zee5
05 March 2022
တရုတ်အစိုးရက ရှင်ကျန်းတွင် လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက်ဖြစ်ပွားနေဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ပြောကြား

ရှင်ကျန်းပြည်နယ်ရှိ ဝီဂါများ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အစီရင်ခံစာကို ထုတ်ပြန်ရန် ကုလသမဂ္ဂလူ့အခွင့်အရေးဆိုင်ရာ မဟာမင်းကြီး မီရှဲဘက်ချလက်အား အမေရိကန်အစိုးရက မတ်လ ၁ ရက်က တောင်းဆိုခဲ့ပြီး တရုတ်အစိုးရသည် ဒေသတွင်း၌ လူမျိုးတုံးသတ်ဖြတ်မှု ဆက်လက် ကျူးလွန်နေသည်ဟု ပြောကြားသည်။

“တရုတ်နိုင်ငံမှာ အစိုးရဟာ ရှင်ကျန်းကလူများစု မွတ်စလင်ဝီဂါတွေနဲ့ အခြားလူနည်းစုတွေအပေါ် လူမျိုးတုံးသတ်ဖြတ်မှုနဲ့ လူမဆန်တဲ့ ရာဇဝတ်မှုတွေကို ဆက်လက် ကျူးလွန် နေပါတယ်။ အဲဒီအခြေအနေနဲ့ ပတ်သက်တဲ့အစီရင်ခံစာကို မနှောင့်နှေးဘဲ ထုတ်ပြန်ဖို့ မဟာမင်းကြီးကို တိုက်တွန်းထားပါတယ်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး အန်တိုနီဘလစ်ကင်က ဆွစ်ဇာလန်နိုင်ငံ ဂျီနီဗာမြို့ရှိ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီ၏ (၄၉)ကြိမ်မြောက် အစည်းအဝေးတွင် မိန့်ခွန်းပြောကြားခဲ့ခြင်းဖြစ်သည်။

ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသသည် တရုတ်နိုင်ငံ၏ လူမျိုးစုအမျိုးမျိုးမှ လူဦးရေ ၂၅ သန်းခန့်ရှိသည့် အကြီးဆုံးပြည်နယ်ဖြစ်သော်လည်း ၎င်းတို့အနက် ၄၃ ရာခိုင်နှုန်းခန့်သည် ဝီဂါများဖြစ်ပြီး အများစုမှာ မွတ်စလင်များဖြစ်သည်။

အာဖဂန်နစ္စတန်နှင့် ပါကစ္စတန်အပါအဝင် နိုင်ငံ ၇ နိုင်ငံနှင့် ထိစပ်နေသည့် အဆိုပါဒေသကို အကြမ်းဖက်ဝါဒနှင့် အစွန်းရောက်ဝါဒ၏ ဗဟိုချက်အဖြစ် နှစ်ပေါင်းများစွာ သတ်မှတ်ခံထားရကြောင်း Sputnik သတင်းဌာနက ဖော်ပြသည်။

၂၀၁၈ ခုနှစ် သြဂုတ်လကုန်ပိုင်းတွင် လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ ကုလသမဂ္ဂကော်မတီမှ ကျွမ်းကျင်သူများက တရုတ်နိုင်ငံ ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသရှိ ဝီဂါလူမျိုး ၁ သန်းခန့်သည် ပြန်လည်ပညာပေးရေးစခန်းများတွင် ရှိနေနိုင်ကြောင်း အစီရင်ခံတင်ပြခဲ့သည်။

တရုတ်အစိုးရက လူမျိုးရေးခွဲခြားမှုပပျောက်ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်ကို အပြည့်အဝလိုက်နာကြောင်း ပြောဆိုကာ ပြန်လည်ပညာပေးရေးစခန်းများတည်ရှိမှုကို အကြိမ်ကြိမ် ငြင်းဆိုခဲ့သည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly