ပေါက်မြို့နယ် လယ်ယာကျေးရွာနှင့် လက်ပံလှ ရွာများကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

ပေါက်မြို့နယ် လယ်ယာကျေးရွာနှင့် လက်ပံလှ ရွာများကို စစ်ကောင်စီတပ်က ရွာလုံးကျွတ် မီးရှို့

မတ် ၄

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူခရိုင် ပေါက်မြို့နယ် တောင်ပိုင်းရှိ လယ်ယာကျေးရွာနှင့် လက်ပံလှ ကျေးရွာများကို အာဏာသိမ်း စစ်ကောင်စီတပ်နှင့် ပျူစောထီး ပူးပေါင်းအဖွဲ့က ရွာလုံးကျွတ် မီးရှို့နေကြောင်း ဒေသခံများက မဇ္ဈိမကို ပြောသည်။

လယ်ယာကျေးရွာကို အင်အား ၅၀ ဝန်းကျင် ပါသော စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့က မတ်လ ၂ ရက်နေ့ နံနက် ၁၀ ခွဲတွင် ဝင်ရောက်လာပြီးနောက် ညပိုင်း ၇ နာရီခွဲတွင် စတင်မီးရှို့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောသည်။

“သူတို့က လက်နက်ကြီးတွေနဲ့ ပစ်ပြီးဝင်လာတာ။ ကျွန်တော်တို့မှာက လက်နက် မရှိဘူးလေ။ အင်အားမမျှဘူး။ အကုန်လုံး ထွက်ပြေးကြရတာပေါ့” ဟု လယ်ယာကျေးရွာသား တစ်ဦးက မဇ္ဈိမကို ပြောသည်။

ထိုအင်အား ၅၀ ဝန်းကျင် ပါသော အဖွဲ့တွင် စစ်ကောင်စီတပ် ယူနီဖောင်း ဝတ်ဆင်ထားသော စစ်သား ငါးဦးသာ ပါပြီး ကျန်လူများမှာ အရပ်ဝတ် ဝတ်ဆင်ထားသော ပျူစောထီး အဖွဲ့ဝင်များ ဖြစ်သည်ဟု ဒေသခံများက ပြောသည်။ 

ပျူစောထီး အဖွဲ့ဝင်များတွင် အမျိုးသမီးများလည်း ပါဝင်ပြီး အမျိုးသားများ အားလုံးမှာ လက်နက် ကိုယ်စီ ကိုင်ဆောင်ထားကြောင်း ဒေသခံများက ပြောသည်။

မီးရှို့မှုကြောင့် အိမ်ခြေ ၂၄၀ ခန့်ရှိသော လယ်ယာကျေးရွာတွင် အိမ်ခြေ ၂၁၀ ခန့် မီးထဲ ပါသွားခဲ့ကြောင်း ဒေသခံများက ပြောသည်။

“ ကျွန်တော်တို့က တောင်သူတွေဆိုတော့ စပါး ၊ ပဲ၊ ကြက်သွန်တို့ များတယ်။ ဒီနှစ် မြို့ကို တက်ပြီး ကြက်သွန်တွေ ဘာတွေ မရောင်းရဘူး။ အဲဒါတွေ အကုန်လုံးကို မီးရှို့သွား ကြတယ်” ဟု လယ်ယာ ဒေသခံ နောက်တစ်ဦးက ပြောသည်။

လယ်ယာကျေးရွာကို မီးတင်ရှို့ပြီးနောက် စစ်ကောင်စီတပ်နှင့် လက်ပါးစေ ပျူစောထီးများသည် ရွာအရှေ့ဘက် တောင်ပေါ်ရှိ ဇရပ်တွင် တစ်ညအိပ် တပ်စွဲခဲ့သည်။ 

ယင်းနောက် ယမန်နေ့ မတ်လ ၃ ရက်နေ့ နံနက် ၇ နာရီ ဝန်းကျင်တွင် လယ်ယာကျေးရွာနှင့် မလှမ်းမကမ်းရှိ လက်ပံလှ ကျေးရွာကို ဝင်ရောက်ကာ နေအိမ်များကို ထပ်မံ မီးရှို့ခဲ့ကြောင်း ဒေသခံများက ပြောသည်။ 

အဆိုပါ လက်ပံလှ ကျေးရွာတွင် အိမ်ခြေ ၉၀ ဝန်းကျင် ရှိသည့်အနက် ၆၀ ကျော် မီးရှို့ ခံလိုက်ရသည်။ ကျေးရွာများ မီးရှို့ ခံရမှုကြောင့် ထွက်လာသော မီးခိုးငွေ့တန်းကြီးကိုသာ အဝေးက လှမ်းကြည့် နေရကြောင်းဒေသခံများက ပြောသည်။

ထိုသို့ ကျေးရွာများအား သေနတ် ပစ်ဖောက်ကာ တစ်ရွာဝင် တစ်ရွာထွက် မီးရှို့နေသော ပျူစောထီးများသည် ပေါက်မြို့နယ် ပင်တောင်ရွာ၊ တစ်ချိုကုန်းနှင့် ဝင်ချုပ်ကျေးရွာတွင် နေထိုင်သော ပျူစောထီး အဖွဲ့ဝင်များ ဖြစ်ကြသည်။

ယင်းကျေးရွာများသည် ပျူစောထီးများ အားကောင်းသော ကျေးရွာများ ဖြစ်ကြောင်းလည်း ဒေသခံများ၏ ပြောပြချက်အရ သိရသည်။

"လူစိတ် မရှိသော စစ်ကောင်စီတပ်များနဲ့ မျက်နှာချင်းဆိုင် မတွေ့ရန် အလွန် အရေးကြီးပါတယ်။ တန်ဖိုးကြီးလှတဲ့ ကျမတို့ရဲ့  ပြည်သူတွေအနေနဲ့ မိမိတို့အသက်ကို လုံခြုံတဲ့နေရာမှာ နေထိုင်ခြင်းဖြင့် အတတ်နိုင်ဆုံး မွေးမြူကြဖို့ရာ လိုအပ်ပါတယ်” ဟု ပေါက်ဒေသ ကာကွယ်ရေးတပ်ဖွဲ့ (Pauk- PDF) တာဝန်ရှိသူက အသိပေးထားသည်။

ရွာလုံးကျွတ် မီးရှို့ခဲ့သည့် စစ်ကောင်စီနှင့် ပျူစောထီး ပူးပေါင်း အဖွဲ့သည် ယနေ့ မတ်လ ၄ ရက် နေ့တွင် ပေါက်မြို့နယ် အင်းငယ်ဒေါင့် ရွာနှင့် ဘို့မေ ရွာဘက်ကို ထိုးစစ်ဆင်ရန် စစ်ကြောင်း ချီတက် သွားကြောင်းလည်း သတင်းရရှိသည်။

လက်ရှိ ရွာလုံးကျွတ်နီးပါး မီးရှို့ခံရသော ထိုကျေးရွာများမှ ဒေသခံ အများအပြား စစ်ဘေး ရှောင်နေ ကြရပြီး စားနပ်ရိက္ခာနှင့် အရေးပေါ် ကူညီကယ်ဆယ်ရေး ပစ္စည်းများလည်း လိုအပ်လျက် ရှိသည်။
#MizzimaTV
#ပျူစောထီး
#လက်ပံလှ
#မီးရှို့

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required