စစ်ကောင်စီတပ်ကြောင့် ကနီပြည်သူ ၆၀၀၀ ခန့် ရှောင်တိမ်းနေရ

စစ်ကောင်စီတပ်ကြောင့် ကနီပြည်သူ ၆၀၀၀ ခန့် ရှောင်တိမ်းနေရ

မတ်လ ၃ ရက်

စစ်ကိုင်းတိုင်း၊ ကနီမြို့ တောင်ဘက် ၁၅ မိုင်ခန့် ကွာဝေးသော ရွာများဖြစ်သည့် ချောင်းမရွာ၊ ဇီးပင်တွင်းရွာ၊ ညောင်ပင်သာရွာနှင့် အောင်မင်္ဂလာရွာများမှ ဒေသခံ ပြည်သူ ၆၀၀၀ ခန့် ယနေ့ မတ်လ ၃ ရက် နံနက် ၆ နာရီမှစ၍ စစ်ကောင်စီတပ်များကြောင့် တိမ်းရှောင်နေရကြောင်း ဒေသခံများက ဆိုသည်။

”အန်တီတို့ မနက် ခြောက်နာရီလောက် ကတည်းက ပြေးရလွှားရပါတယ်၊ သပြေအေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီ တပ်အင်အား ၅၀ လောက်က အန်တီတို့ ရွာဘက်ကို မနက် လေးနာရီလောက် ကတည်းက စပြီး ထွက်လာတယ်လို့ သိရတယ်၊ နေ့လည် တစ်နာရီလောက်က ဇီးပင်တွင်းရွာကို ရောက်ပါတယ်၊ ဇီးပင်တွင်း

ရွာကိုလည်း စစ်ကောင်စီ တပ်က ထုံးစံအတိုင်း ရွာထဲမှာရှိတဲ့ နေအိမ်တွေ မွှေနှောက် ဖျက်ဆီးသွားတယ်လို့ အန်တီ့ အမျိုးသားက ပြောပါတယ်၊ အိမ်ကိုတော့ မပြန်ရဲသေးဘူး၊ ရွာအဝင် အစပ်ကနေ လှမ်းကြည့်ရတာ၊ အခုလက်ရှိကတော့ အန်တီ့ညီမ နေတဲ့ အောင်မင်္ဂလာ ရွာကို ရောက်နေကြပါတယ်၊ ဘုန်းကြီးကျောင်းမှာ တပ်စွဲနေတယ် အိမ်အချို့ကိုလည်း မွှေနေတယ်၊ တံခါးပေါက် ရိုက်ချိုးသံတွေတော့ ကြားနေရတယ်၊ သေနတ် ဖောက်သံတွေလည်း ကြားနေရတယ်” ဟု ဒေသခံက ဆိုသည်။

အောင်မင်္ဂလာရွာသည် မုံရွာ-ယာကြီး လမ်းမဘေး ၁၉ မိုင်၊ ကနီမြို့ တောင်ဘက် ၁၅ မိုင်ခန့်တွင် တည်ရှိပြီး လက်ရှိ စစ်ဘေးရှောင် ပြည်သူများ စားဝတ်နေရေးနှင့် ကျန်းမာရေး စောင့်ရှောက်မူများ လိုအပ်နေကြောင်း ဒေသခံ ပြည်သူများက ဆိုသည်။ 

”စစ်ကောင်စီ တပ်အင်အား ၆၀ ခန့်လောက်က ညနေ သုံးနာရီခွဲ အချိန်လောက်မှာ ကျနော်တို့ အောင်မင်္ဂလာ ရွာကို ရောက်ပါတယ်ဗျ၊ ရွာထဲကို ရောက်တာကြာမှ ကျနော်က ပြေးတာဗျ၊ ကျနော် မပြေးခင်မှာ မုံရွာ ဘက်က ပြန်လာတဲ့ ဈေးကား နှစ်စီးကို ဖမ်းထားတယ်ဗျ၊ ပြီးတော့ ဒရိုင်ဘာကိုလည်း နရင်း နှစ်ချက်လောက် ဆင့်အုပ်တာ ကပ်ပေါက်မှ တစ်ဆင့် ကျနော် မြင်လိုက်ရတယ်ဗျ၊ လက်ရှိကတော့ ဘုန်းကြီးကျောင်းမှာ ထမင်းစားနေတယ်" ဟု ဒေသခံက ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required