လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦးကို စစ်ကောင်စီက ထောင် ၂ နှစ်စီချမှတ်

လွှတ်တော်ကိုယ်စားလှယ် ၂ ဦး အပါအဝင် နိုင်ငံရေး အကျဉ်းသား ၆ ဦးကို စစ်ကောင်စီက ထောင် ၂ နှစ်စီချမှတ်

မတ်လ ၃ ရက်

ဧရာဝတီတိုင်း၊ ပုသိမ် အကျဉ်းထောင်တွင် မတရား ဖမ်းဆီးခံထားရသည့် နိုင်ငံရေး အကျဉ်းသားများ အနက် သာပေါင်းမြို့နယ် လွှတ်တော်ကိုယ်စားလှယ် နှစ်ဦး အပါအဝင် စုစုပေါင်း ခြောက်ဦးကို ယနေ့ မတ်လ ၃ ရက်နေ့ မနက်ပိုင်းတွင် စစ်ကောင်စီ လက်အောက်ခံ ထောင်တွင်း တရားရုံးက ထောင်ဒဏ် နှစ်နှစ်စီ ချမှတ်လိုက်ကြောင်း ပုသိမ် အကျဉ်းထောင် ဝန်ထမ်းထံက သိရသည်။

ထောင်ဒဏ် ချမှတ်ခံရသည့် နိုင်ငံရေး အကျဉ်းသား ခြောက်ဦးသည် သာပေါင်းမြို့နယ်မှ ဖြစ်ကြောင်း အမျိုးသား ငါးဦးနှင့် အမျိုးသမီး တစ်ဦး ဖြစ်ကြောင်း အကျဉ်းထောင် ဝန်ထမ်းက ဆိုသည်။

"သာပေါင်းက တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ် ကိုအောင်အောင်ဦးနဲ့ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးသိန်းထွန်း အပါအဝင် စုစုပေါင်း ခြောက်ယောက်ကို ဒီမနက် အမိန့်ချတာပါ။ ခြောက်ယောက်လုံးကို သဘာဝဘေး ဆိုင်ရာ စီမံခန့်ခွဲမှု ဥပဒေပုဒ်မ (၂၅) နဲ့ နှစ်နှစ်စီ ချလိုက်တယ်လို့ သိရတယ်" ဟု ၎င်းကဆိုသည်။

သာပေါင်းမြို့မှ လွှတ်တော်ကိုယ်စားလှယ် နှစ်ဦးကို  ၂၀၂၁ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် စစ်ကောင်စီ တပ်များနှင့် ရဲများက မတရား ဖမ်းဆီးခဲ့ခြင်း ဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

စစ်အုပ်စု မတရား အာဏာ သိမ်းယူခဲ့ပြီး နောက်ပိုင်း ပုသိမ် အကျဉ်းထောင်တွင် မတရား ဖမ်းဆီး ခံထားရသည့် နိုင်ငံရေး အကျဉ်းသား ၃၀၀ ကျော်အထိရှိသည့် အနက် ထောင်တွင်း တရားရုံးက ထောင်ဒဏ် ချမှတ်ခဲ့သူ  ၂၅ ဦးရှိကြောင်း ပုသိမ် အကျဉ်းထောင် ဝန်ထမ်း၏ အဆိုအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required