ဝက်လက်မြို့နယ် မင်းကျီရွာကို စစ်ကောင်စီတပ် ဝင်ကာ ဖမ်းဆီးမှုများလုပ်၊ ရွာလုံးကျွတ် ထွက်ပြေးနေကြ

By စန်းကျိန်
03 March 2022
ဝက်လက်မြို့နယ် မင်းကျီရွာကို စစ်ကောင်စီတပ် ဝင်ကာ ဖမ်းဆီးမှုများလုပ်၊ ရွာလုံးကျွတ် ထွက်ပြေးနေကြ

မတ် ၃

စစ်ကိုင်းတိုင်း၊ ရွှေဘိုခရိုင်၊ ဝက်လက်မြို့နယ် မင်းကျီရွာကို စစ်ကောင်စီတပ်များ တစ်အိမ်ဝင် တစ်အိမ်ထွက် ဝင်ရောက်ပြီး အပြစ်မဲ့ ပြည်သူ အချို့ကို ဖမ်းဆီးခြင်းများ ပြုလုပ်ခြင်းကြောင့် ရောဂါသည် အဘိုး၊ အဘွားများက လွဲ၍ ကျန်သူများအားလုံး နီးစပ်ရာရွာများသို့ ထွက်ပြေး တိမ်းရှောင် နေကြသည်။

စစ်ကောင်စီ တပ်များသည် မတ်လ ၁ ရက်၊ နေ့လယ်၂ နာရီခန့်တွင် ရဟတ်ယာဉ် လေးစီးဖြင့် လာရောက်ပြီး မင်းကျီရွာနှင့် နှစ်မိုင်ခန့် ဝေးသော ကျောက်တိုင်ရွာ၊ မြဝတီ ကျောင်းတိုက်၌ တပ်သား ၇၀ ခန့်ကို ချထားခဲ့သည်။ ထို့နောက် နေ့လယ် ၃ နာရီ မိနစ် ၃၀ ခန့်က စ၍ စစ်သား အင်အား ၃၀ ခန့် မင်းကျီရွာသို့ ခြေလျင် ဝင်ရောက်ကာ မိုးကောင်း ဘုန်းကြီးကျောင်းနှင့် ဟံသာဝတီ ဘုန်းကြီးကျောင်းတို့တွင် တပ်စွဲထားသည်ဟု ဆိုသည်။

''သူတို့က ဘုန်းကြီးကျောင်းက ကားတွေသုံးပြီး မင်းကျီနဲ့ ကျောက်တိုင်ကို ကူးနေကြတယ်။ တစ်အိမ် တက်ဆင်း ဝင်မွှေနေပြီး သောင်းကျန်း နေကြတယ်။ အဖမ်းအဆီးတွေ ရှိလို့ရယ်၊ တိုက်ပွဲ ဖြစ်နိုင်ခြေများလို့ရယ်၊ ရွာမကပ်ပါနဲ့လို့ သတင်းရလို့ရယ် ပြေးရတာ။ ရောဂါသည် အဘိုးအို၊ အဘွားအိုနဲ့ အစောင့်အရှောက်လေး လောက်ပဲ ကျန်ခဲ့တာ။ ဘဝမှာ စစ်ခွေး( စစ်ကောင်စီ တပ်သား) တွေကြောင့် ပြေးရတာ ပထမဆုံး အကြိမ်ပဲ ''ဟု မင်းကျီရွာခံတစ်ဦးက မဇ္ဈိမကို ပြောသည်။

ထို့အပြင် '' ရွာက စပါး သိမ်းပြီးလို့ ပဲသိမ်းရမယ့် ရာသီလေ။ စပါးတွေကလည်း မရောင်း ရသေးဘူး။ ပဲတွေကလည်း မရိတ်ရ သေးဘူးလေ။ မီးရှို့မှာပဲ စိုးရိမ်နေရတာ။ သူတို့ ယူချင်တာတွေ တော့ မနေ့က ခိုးယူပြီး ကြပြီတဲ့ '' ဟု လည်း ၎င်းက ပြောသည်။

မင်းကျီရွာသည် ဝက်လက်မြိုနှင့် ၁၅ မိုင်ခန့် ကွာဝေးပြီး အိမ်ခြေ ၁,၇၀၀ ကျော် ၂,၀၀၀ နီးပါးရှိသည်။

#MizzimaTV

#မင်းကျီရွာ

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly