လေးကေ့ကော်ဒေသတွင် တိုက်ပွဲဖြစ်ပွား

လေးကေ့ကော်ဒေသတွင် တိုက်ပွဲဖြစ်ပွား
ပုံ - ဘုရားကုန်းကို KNLAပူပေါင်းတပ်တို့ တိုက်ခိုက်ခဲ့စဉ်(ပုံဟောင်း)

မတ် ၂

ကရင်ပြည်နယ် မြဝတီခရိုင် လေးကေ့ကော်ဒေသ ဖလူးကြီးကျေးရွာတွင် စစ်ကောင်စီတပ်၊ နယ်ခြားစောင့်တပ်(BGF)နှင့် ကရင်တပ်မတော်(KNLA) ပြည်သူ့ကာကွယ်ရေးတပ်(PDF)တို့ ယနေ့နံနက်ပိုင်း မတ်လ၂ ရက်နေ့တွင် တိုက်ပွဲများ ဖြစ်ပွားခဲ့ကြောင်းသိရသည်။

စစ်ကောင်စီတပ်နှင့်နယ်ခြားစောင့်တပ်(BGF) ရသေ့ဂူ စစ်စခန်းကို စစ်ကြောင်းထိုးရာ စစ်ကောင်စီဘက်မှ မိုင်းထိကာ ငါးဦးသေဆုံးခဲ့ကြောင်းသိရသည်။

“ဒီနေ့မနက် ၈နာရီခွဲလောက်မှာ စစ်ကောင်စီတပ်နဲ့ BGFတပ်တို့က ရသေ့ဂူကို စစ်ကြောင်းထိုးတဲ့ သဘောမျိုး သူတို့သွားကြတယ်၊ တပ်လှုပ်ရှားမှုသွားတယ်ပေါ့ အဲ့မှာ မိုင်းနင်းပြီးတော့ စကစ ငါးယောက်တိုက်ပွဲကျသွားတယ် သူတို့တပ်ပြန်ဆုတ်သွားတယ် ပြီးတော့ ကျန်တဲ့နေရာတွေကို ရမ်းသန်းပြီးပစ်နေတယ် ကျနော်တို့အဖွဲ့ကတော့ ထိခိုက်မှုမရှိပါဘူး” ဟု PDFတပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီတပ် အထိနာခဲ့သောကြောင့် အမြောက်ကုန်း(ဒေသအခေါ် ခွေးကုန်း)မှ လေးကေ့ကော် ဖလူးကြီး ဖလူးလေးကျေးရွာနှင့် ရသေ့ဂူအနီးတစ်ဝိုက်ကို လက်နက်ကြီးများဖြင့် ပစ်ခတ်နေကြောင်းသိရသည်။

ဖေဖော်ဝါရီလ ၁၆ ရက်နေ့တွင် ဖလူးလေးကျေးရွာ ဘုရားကုန်းကို ကရင်တပ်မတော်(KNLA) ပြည်သူ့ကာကွယ်ရေးတပ် (PDF) တို့ တိုက်ခိုက်နိုင်ပြီးနောက် တိုက်ပွဲများငြိမ်သက်နေရာ ယနေ့နံနက်ပိုင်း မတ်လ၂ရက်နေ့တွင် တိုက်ပွဲများပြန်လည်ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။

စစ်ကောင်စီကဖေဖော်ဝါရီလ ၂၈ ရက်နေ့ရက်စွဲဖြင့် မတ်လ ၁ ရက်နေ့မှ ဒီဇင်ဘာ ၃၁ ရက်နေ့အထိ စစ်ရေးဆိုင်ရာလှုပ်ရှားမှုများ ရပ်စဲလိုက်ကြောင်း ထုတ်ပြန်ခဲ့သော်လည်း နိုင်ငံအနှံ့ စစ်ကောင်စီက ထိုးစစ်ဆင်နေဆဲ ဖြစ်သည်။

#MizzimaTV

#လေးကေ့ကော်

#တိုက်ပွဲဖြစ်

#စစ်ကောင်စီတပ်

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required