တိဗက်ဗုဒ္ဓဘာသာဝင်များအပေါ်တရုတ်၏ ရက်စက်ယုတ်မာမှုများက အိုလံပစ်ပွဲတော်ကို ရုပ်ပျက်စေ

By TIBET PRESS
02 March 2022
တိဗက်ဗုဒ္ဓဘာသာဝင်များအပေါ်တရုတ်၏ ရက်စက်ယုတ်မာမှုများက အိုလံပစ်ပွဲတော်ကို ရုပ်ပျက်စေ

၂၀၂၂ ခုနှစ် ပေကျင်းအိုလံပစ်ဖွင့်ပွဲမတိုင်မီ တစ်ရက်အလိုဖေဖော်ဝါရီလအစောပိုင်းက ရာနှင့်ချီသော တိဗက်တက်ကြွလှုပ်ရှားသူများသည် ဆွစ်ဇာလန်ရှိ နိုင်ငံတကာအိုလံပစ်ကော်မတီ (IOC) ရုံးဆီ ချီတက်ဆန္ဒပြခဲ့ကြသည်။ တက်ကြွလှုပ်ရှားသူများသည် တိုင်းရင်းသားလူနည်းစုများအပေါ် ရက်စက်ကြမ်းကြုတ်မှုများကျူးလွန်နေသည့် တရုတ်နိုင်ငံကို ထောက်ပံ့နေသည့် အဖွဲ့အစည်းကို ပြစ်တင်ဝေဖန်ခဲ့ကြသည်။

ထိုမျှမကသေးဘဲ ကနေဒါ၊ အမေရိကန်နှင့် ဗြိတိန်အပါအဝင် နိုင်ငံ၈ နိုင်ငံတို့က တရုတ်နိုင်ငံ၏ ကြောက်မက်ဖွယ်လူ့အခွင့်အရေးမှတ်တမ်းများကြောင့် အားကစားပြိုင်ပွဲကို သံတမန်နည်းအရ သပိတ်မှောက်ကြောင်း ကြေညာခဲ့ကြသည်။

သို့သော်တရုတ်က လူ့အခွင့်အရေးချိုးဖောက်မှုစွပ်စွဲချက်အားလုံးကို ငြင်းဆိုထားပြီး အားကစားကို နိုင်ငံရေးသဘောသက်ဝင်အောင်လုပ်သည်ဟု တက်ကြွလှုပ်ရှားသူများကို စွပ်စွဲခဲ့သည်။

တိဗက်လူမျိုးများက နိုင်ငံတကာပွဲတစ်ခုကို အကြောင်းပြု၍ဆန္ဒပြကြရာတွင် ၂၀၀၈ ခုနှစ်၌တိဗက်လူမျိုး ၁၅၀ ကျော်က တိဗက်တွင် ဖိနှိပ်မှုများကို ဆန့်ကျင်ကန့်ကွက်သည့်အနေဖြင့် ပေကျင်းနွေရာသီ အားကစားပြိုင်ပွဲအပြီးတွင် မိမိကိုယ်ကို မီးရှို့ခဲ့ကြသည်။

အထူးသဖြင့် တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်လက်ထက် လွန်ခဲ့သည့် ၁၀ စုနှစ်များအတွင်း ဒုက္ခများ ကြုံတွေ့ရသည်။ ယင်းကာလအတွင်း တရုတ်အစိုးရသည် ဗုဒ္ဓဘာသာသင်ကြားရေးစင်တာများနှင့် ဘာသာရေးနေရာများကို ဖြိုခွင်းရုံသာမကဘဲ အခြားသော ယဉ်ကျေးမှုဆိုင်ရာလူနည်းစုများစွာကိုလည်း ပြင်းထန်စွာ နှိမ်နင်းခဲ့သည်။

အလားတူ တရုတ်အာဏာပိုင်များသည် တိဗက်ဘာသာစကားဖြင့်သင်သောကျောင်းများကို တရုတ်ဘာသာဖြင့်သင်ကြားသည့် ကျောင်းများအဖြစ်သို့ပြောင်းခဲ့ပြီး တိဗက်လူမျိုးများ၏ ရှေးထုံး တမ်းစဉ်လာများကို ဖြတ်တောက်ရန် ပြင်းပြင်းထန်ထန် ကြိုးပမ်းနေကြောင်း သတင်းများတွင် ဖော်ပြကြသည်။

အမှန်မှာ ရှီကျင့်ဖျင်ဦးဆောင်သော ခေါင်းဆောင်များက တိဗက်ဗုဒ္ဓဘာသာကို တရုတ်ဝိသေသလက္ခဏာ အသွင်သို့ပြောင်းခြင်းကို ဦးစားပေးလုပ်ဆောင်ရုံသာမကဘဲ ၂၀၁၇ ခုနှစ်တွင် တရားဝင်မူဝါဒအဖြစ် လူသိ ရှင်ကြား ကြေညာခဲ့သည်။ထိုမူဝါဒကြောင့် တရုတ်ကွန်မြူနစ်ပါတီအား တရုတ်နိုင်ငံရှိ ဘာသာရေးဆိုင်ရာ လှုပ်ရှားမှုအားလုံးကို ကြီးကြပ်သူဖြစ်လာစေခဲ့သည်။

နောက်ဆုံးဖြစ်ရပ်တစ်ခုမှာ ချင်းဟိုင်ပြည်နယ်ရှိ ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းအတွင်းတွင် တရုတ်ရဲစောင့်ကြည့်ရေးတပ်ဖွဲ့ကို ထပ်မံချထားခြင်းဖြစ်သည်။

တရုတ်က ကြီးကျယ်လှသော ပွဲလမ်းအခမ်းအနားဖြင့် ကမ္ဘာကို အာရုံပြောင်းရန် ကြိုးစားသော်လည်း လတ်တလော အငြင်းပွားစရာများကို လျစ်လျူရှုရန် ခက်ခဲလိမ့်မည်ဟု ကျွမ်းကျင်သူများက ဆိုသည်။ တရုတ်နိုင်ငံ၏လူ့အခွင့်အရေးမှတ်တမ်းကို တိုးတက်လာစေရန်ကမ္ဘာ့အသိုက်အဝန်းက သံတမန်ရေးအရ တွန်းအားပေးမှုကြောင့် အိုလံပစ်ပွဲတော်သည် တရုတ်နိုင်ငံအတွက် အလှည့်အပြောင်း တစ်ခုဖြစ်လာ နိုင်ပေသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly