ဝီဂါအဓမ္မလုပ်အားဖြင့်ပြုလုပ်သောသွင်းကုန်များကို တားမြစ်သည့် အမေရိကန်ဥပဒေကြောင့် တရုတ်ဒေါသထွက်

ဝီဂါအဓမ္မလုပ်အားဖြင့်ပြုလုပ်သောသွင်းကုန်များကို တားမြစ်သည့် အမေရိကန်ဥပဒေကြောင့် တရုတ်ဒေါသထွက်

တရုတ်နိုင်ငံ ရှင်ကျန်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) မှ အဓမ္မလုပ်အားဖြင့်ပြုလုပ်သော သွင်းကုန်များကိုဝယ်ယူသည့် ပြည်ပကုမ္ပဏီများအား တားမြစ်သော အမေရိကန်ဥပဒေသစ်သည် တရုတ်အစိုးရကိုအမျက်ဒေါသထွက်စေကြောင်း The HK post က ဖော်ပြခဲ့သည်။

၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၃ ရက်နေ့တွင် အမေရိကန်သမ္မတ ဂျိုးဘိုင်ဒင် လက်မှတ်ရေးထိုးခဲ့သော ရှင်ကျန်းမှ တင်သွင်းမှုများကို တားမြစ်ပိတ်ပင်သည့် Uyghur Forced Labour Prevention Act (UFLPA) သည် ဒေသတွင်း၌ အဓမ္မအလုပ်ခိုင်းစေမှုအတွက် တာဝန်ရှိသော နိုင်ငံခြားသားတစ်ဦးချင်းစီကိုလည်း ပိတ်ဆို့အရေးယူမှုများ ချမှတ်ထားသည်။

ရှင်ကျန်း သို့မဟုတ် လူကုန်ကူးခံရသည့် ဝီဂါများနှင့်ဆက်စပ်သော ထုတ်ကုန်ကို အဓမ္မလုပ်အားဖြင့် ပြုလုပ်သည်ဟု UFLPA က ယူဆသည်။

အဆိုပါဥပဒေအရ တင်သွင်းမည့် ကုန်ပစ္စည်းသည် အဓမ္မလုပ်အား၏ ရလဒ်မဟုတ်ကြောင်း ရှင်းလင်းမြင်သာသည့် သက်သေအထောက်အထားများကို တင်သွင်းရမည်ဖြစ်သည်။

ကုန်ကြမ်းမှ အစပြု၍ တင်သွင်းသောကုန်ပစ္စည်းများသည် တရုတ်နိုင်ငံတွင်းမှ အဓမ္မလုပ်အားဖြင့် မ ပြုလုပ်ကြောင်း သေချာစေရန် တရုတ်ကုန်ပစ္စည်းများ တင်သွင်းသည့်ကုမ္ပဏီများက၎င်းတို့၏ ထောက်ပံ့ရေးကွင်းဆက်များကို ပြန်လည်သုံးသပ်ရမည်ဖြစ်သည်။

တရုတ်သည် ဝီဂါများ၊ ကာဇက်၊ ကာဂျစ်နှင့် တခြားမွတ်စလင်အများစုရှိသည့်အုပ်စုဝင် ၁ ဒသမ ၈ သန်းခန့်ကို တရားလက်လွတ် အကျယ်ချုပ်စနစ်ဖြင့် အကျဉ်းချထားကာ ချည်မျှင်၊ အီလက်ထရွန်နစ်ပစ္စည်းများ ၊ စားသောက်ကုန်များ၊ ဖိနပ်၊ လက်ဖက်ခြောက်နှင့် လက်မှုပစ္စည်းများထုတ်လုပ်သည့် နေရာများတွင် အတင်းအကျပ်စေခိုင်းထားကြောင်း အမေရိကန်လွှတ်တော်အမတ်များက စွပ်စွဲထားသည်။

သို့သော် တရုတ်အစိုးရက ရှင်ကျန်း၌ အလွဲသုံးစားပြုမှုများတွင်ပါဝင်ပတ်သက်သည်ဟူသော စွပ်စွဲချက်အားလုံးကို အကြိမ်ကြိမ် ငြင်းဆိုထားသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly