ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် အကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဆို

ဆောမြို့နယ်နှင့် ကန်ပက်လက်မြို့နယ် အကြား တိုက်ပွဲဖြစ်ပွားရာ စစ်ကောင်စီတပ်မှ ၁၀ဦးသေဆုံးကြောင်း ကာကွယ်ရေးတပ်ဖွဲ့ဆို

ဖေဖော်ဝါရီလ ၂၈ ရက်

မကွေးတိုင်း၊ ဆောမြို့နယ်၊ ဆွဲလွဲကျင်းရွာ နှင့် ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ မဆာတွီကျေးရွာအကြားတွင် တိုက်ပွဲ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဘက်မှ ၁၀ဦးသေဆုံးကာ အများအပြား ဒဏ်ရာရရှိကြောင်း ယနေ့တွင် CDF Kanpetlet က ထုတ်ပြန်ထားသည်။ 

ယနေ့ ဖေဖော်ဝါရီ ၂၈ရက် နံနက် ၈နာရီ မိနစ်၃၀မှ ညနေ ၄နာရီ အထိတိုက်ပွဲ ဖြစ်ပွားခဲ့ပြီး CDF Kanpetlet တပ်ဖွဲ့နှင့်အတူ လောင်းရှည် PDF ရဲဘော်များမှ ပူးပေါင်းတိုက်ခိုက် ခဲ့ကြောင်း ဖော်ပြထားသည်။

“ကျင်းဒွေးဘက်ကို ရိက္ခာသွားပို့တဲ့ စစ်ကောင်စီရဲ့ ကားတန်း အပြန်မှ ကျွန်တော်တို့က စောင့်ကြို ကြားဖြတ်တိုက်ခိုက်ခဲ့ကြတာပါ” ဟု CDF Kanpetlet တာဝန်ရှိသူတစ်ဦးက မဇ္စျိမ ကိုပြောသည်။ 

သေဆုံးသွားသော စစ်ကောင်စီတပ်ဖွဲ့ဝင် ရုပ်အလောင်းများအား လမ်းဘေးရှိ တဲအိမ် တစ်အိမ်တွင် စုပုံကာ မီးရှို့ခဲ့ကြပြီး လမ်းဘေးဝဲယာရှိ သစ်ရွက်ခြောက်များနှင့် ချုံတောများကိုလည်း စစ်ကောင်စီတပ်ဖွဲ့များက မီးရှို့ခဲ့ကြကြောင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ 

အင်အား ၁၅၀ခန့်  စီးနင်း လိုက်ပါလာသည့် ယာဉ် ၁၆စီးပါ စစ်ကောင်စီ ယာဉ်တန်းအား ပြောက်ကျားစနစ်ဖြင့် ကြားဖြတ်တိုက်ခိုက်ခဲ့ပြီး ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့ များဘက်မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း ဆိုသည်။ 

အဆိုပါ ယာဉ်တန်းသည် တိုက်ပွဲဖြစ်ပွားခဲ့သည့် ဆွဲလွဲကျင်းနှင့် မဆာတွီရွာ အကြားတွင် စခန်းချရပ်နားမည်ဟု ခန့်မှန်းရပြီး တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနိုင်သဖြင့် ပြည်သူများအနေဖြင့် ကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်များအား ဆက်လက်လိုက်နာပေးပါရန် CDF Kanpetlet ကတောင်းဆိုထားသည်။ 

ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ရက်ကလည်း ကန်ပက်လက်မြို့နယ် မောချောင်းရွာနှင့် မဆာတွီရွာအကြား တိုက်ပွဲဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်မှ နှစ်ဦးသေဆုံးပြီး သုံးဦး ပြင်းထန်ဒဏ်ရာရရှိသွားကြောင်း CDF Kapetlet ထံက သိရသည်။ 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required