ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ လျှပ်စစ်မီးပြတ်တောက်၍ ဒေသခံများ အခက်ကြုံ

ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာ လျှပ်စစ်မီးပြတ်တောက်၍ ဒေသခံများ အခက်ကြုံ

ဖေဖော်ဝါရီ ၂၈

ပဲခူးတိုင်း၊ ပြည်ခရိုင် အနောက်ဘက်ကမ်းရှိ ပန်းတောင်းမြို့နယ် ဆင်တဲကျေးရွာတွင် ဖေဖော်ဝါရီလ နောက်ဆုံး အပတ်မှ စတင်၍ စစ်ကောင်စီ လက်အောက်ခံ လျှပ်စစ်ရုံးက တစ်ရက် လျှပ်စစ်မီး နှစ်နာရီ ဝန်းကျင်သာ ပေးသောကြောင့် ဒေသခံများ အခက်အခဲ ဖြစ်နေကြောင်း သိရသည်။

၎င်းကျေးရွာသည် ယခင်က လျှပ်စစ်မီး ၂၄ နာရီရှိခဲ့ပြီး ယခုလမှ စတင်၍ ဖြတ်တောက်ခံရခြင်း ဖြစ်ကြောင်း ဆိုသည်။

“ငါးရက်လောက်ရှိပြီ ကျွန်မတို့ရွာမှာ မီးမလာတာ၊ နှစ်နာရီလောက်ပဲ လာတော့တယ်။ လာတဲ့ အချိန်ကလည်း မမှန်ဘူး၊ လာချင်တဲ့အချိန် လာတာ၊ မနက် ၂ နာရီလောက်လာပြီး ၆ နာရီလောက်မှာ ပြန်ပြတ်သွားတယ်၊ အရင်ရက်က မီတာခ လာမဆောင်တဲ့ သူတွေကို မီးဖြတ်မယ် ဆိုတော့ တော်တော်များများက သွားဆောင် ခဲ့တယ်၊ ဆောင်လည်းပြီးရော မီးက ပုံမှန်တောင် မလာတော့ဘူး၊ ဒီလိုမှန်းသိရင် မဆောင်ဘဲ နေပါတယ်” ဟု ဒေသခံ အမျိုးသမီးက ပြောသည်။

မီးပြတ်တောက်ရသည့် အကြောင်းအရင်းကို လျှပ်စစ်ရုံး တာဝန်ရှိသူများအား မေးမြန်းရာတွင် အကြောင်းအရင်းကို ၎င်းတို့ ကိုယ်တိုင် မသိရှိဟု ဖြေကြားခဲ့ကြောင်း သွားရောက် မေးမြန်းခဲ့သည့် ဒေသခံများက ပြောသည်။

“မီးပြတ်တာက ကျွန်တော် သိသလောက် ပန်းတောင်း လျှပ်စစ်ရုံးက လူကြီး တစ်ယောက် ပြောင်းသွားပြီး ကတည်းက ဖြစ်တာတဲ့၊ အရင်လူတုန်းက မီတာခ အပြည့် မကောက်နိုင်လို့ ပြောင်းသွားရတယ်လို့ ပြောတယ်၊ အခုလို မီးပြတ်ပုံနဲ့ဆိုရင် ကျွန်တော်တို့လို လျှပ်စစ်ကို အားကိုးပြီး လုပ်နေတဲ့ လုပ်ငန်းတွေမှာ အတော်လေး ထိခိုက်လိမ့်မယ်ဗျ” ဟု အမည်မဖော်လိုသူ လုပ်ငန်းရှင်က ပြောသည်။

အလားတူ ပြည်ခရိုင် အတွင်းရှိ မြို့နယ်၊ ကျေးရွာများတွင် စစ်ကောင်စီက မီတာခများ အတင်းအကြပ် တောင်းခံ နေသော်လည်း အချိန်ကြာမြင့်စွာ မီးပြတ်တောက်မှုများ ရှိနေကြောင်း သိရသည်။

#ပန်းတောင်းမြို့နယ်

#ဆင်တဲကျေးရွာ

#လျှပ်စစ်မီး

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required