စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်း၍ အမှုအခင်းများ စစ်ဆေးဟု NUG ဆို

စစ်ရေးပြစ်မှုဆိုင်ရာ စုံစမ်းစစ်ဆေးရေး ဗဟိုကော်မရှင် ဖွဲ့စည်း၍ အမှုအခင်းများ စစ်ဆေးဟု NUG ဆို

ဖေဖော်ဝါရီ ၂၈

အမျိုးသား ညီညွတ်ရေး အစိုးရ NUG ကာကွယ်ရေး ဝန်ကြီးဌာနသည် ပြည်သူ့ခုခံ တွန်းလှန်စစ် အတွင်း ပေါ်ပေါက်သော စစ်ဖက်ဆိုင်ရာ အမှုအခင်းများနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးရန်၊ နစ်နာသူများ တရားမျှတမှု ရှိစေရန်နှင့် ဥပဒေ စိုးမိုးရေး ဖော်ဆောင်ရန် ရည်ရွယ်လျက် "စစ်ရေး ပြစ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးရေး ဗဟို ကော်မရှင်" ဖွဲ့စည်း ဆောင်ရွက်လျက်ရှိကြောင်း ယနေ့ ဖေဖော်ဝါရီလ ၂၈ ရက်တွင် ထုတ်ပြန်သည်။

အဆိုပါ ကော်မရှင်အား ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလ ၃ ရက်နေ့က ကျင်းပသည့် ကာကွယ်ရေး ဝန်ကြီးဌာန (၃၆) ကြိမ်မြောက် အစည်းအဝေးတွင် ဒုဝန်ကြီး ဦးဆောင် ဖွဲစည်းခဲ့ခြင်း ဖြစ်ပြီး ယခု အမျိုးသား ညီညွတ်ရေး အစိုးရ၊ တရားရေး ဝန်ကြီးဌာန တာဝန်ရှိသူများ၊ CDM တရားရေး ဝန်ထမ်းများ၊ ဥပဒေ ကျွမ်းကျင် ပညာရှင်များ တိုးချဲ့ ပါဝင်ဖွဲ့စည်းကာ တိုင်ကြားလာသော အမှုအခင်းများအား စုံစမ်း စစ်ဆေးလျက် ရှိသည်ဟု ဆိုသည်။

အမှုအခင်း ဖြစ်ပွားသော ဒေသများတွင် လိုအပ်ပါက ခရိုင်အဆင့် စုံစမ်း စစ်ဆေးရေး ကော်မရှင်များ ဖွဲ့စည်း တာဝန်ပေးမည် ဖြစ်ပြီး၊ ပြစ်မှု ကျူးလွန်သူများအား စစ်ဖက် တရားစီရင်မှု စနစ်အရ လည်းကောင်း၊ အရပ်ဖက် တရားစီရင်မှု စနစ်အရ လည်းကောင်း အရေးယူမည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

စစ်ဖက်နှင့် ပတ်သက်သော အမှုအခင်းများ ပေါ်ပေါက်ပါက စစ်ရေး ပြစ်မှုဆိုင်ရာ စုံစမ်း စစ်ဆေးရေး ဗဟို ကော်မရှင် [email protected] သို့ ဆက်သွယ် တိုင်ကြားနိုင်ကြောင်း သိရသည်။

#MizzimaTV

#NUG

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly