တရုတ် အကျဉ်းထောင်၌ ၆ နှစ်ကြာ နှိပ်စက်ခံခဲ့ရသည့် တိဗက်ဘုန်းကြီး ၃ ပါး ကျန်းမာရေးဆိုးရွားနေ

တရုတ် အကျဉ်းထောင်၌ ၆ နှစ်ကြာ နှိပ်စက်ခံခဲ့ရသည့် တိဗက်ဘုန်းကြီး ၃ ပါး ကျန်းမာရေးဆိုးရွားနေ

တရုတ်နိုင်ငံအနောက်ပိုင်း စီချွမ်ပြည်နယ် ကာဇီစီရင်စုရှိ ဒရာဂိုကျောင်းတိုက်မှ ဘုန်းတော်ကြီး ၃ ပါးသည် လွန်ခဲ့သည့် ၄ နှစ်က ထောင်မှလွတ်မြောက်လာပြီးနောက် ကျန်းမာရေးအခြေအနေ စိုးရိမ်နေရကြောင်း Phayul သတင်းဝက်ဘ်ဆိုဒ်၌ ဖော်ပြထားသည်။

ဘုန်းတော်ကြီး စီဝမ်နမ်ယယ်၊ ဒါဟာနှင့် တန်ယာတို့သည် ၂၀၁၂ ခုနှစ်မှစ၍ ၆ နှစ်ကြာ အကျဉ်းကျခဲ့ပြီး ၂၀၁၈ ခုနှစ်တွင် ပြန်လည်လွတ်မြောက်လာသော်လည်း အကျဉ်းထောင်အတွင်း အတင်းအဓမ္မအလုပ်ခိုင်းခံရခြင်းနှင့် အစာရေစာလုံလောက်စွာ မစားရခြင်းအပါအဝင် အလွန်အမင်းနှိပ်စက်မှုများကို ခံခဲ့ရကာ လွတ်မြောက်လာချိန်တွင်လည်း ကျန်းမာရေးမကောင်းကြဘဲ ယခုပိုဆိုးရွားလာသည်ဟု ဆိုသည်။

၂၀၁၂ ခုနှစ် ဇန်နဝါရီက ဒရာဂိုကောင်တီ၏ လမ်းမများတွင် ဆန္ဒပြမှုများပေါ်ပေါက်ခဲ့ပြီး ဒေသခံတိဗက်များက လွတ်မြောက်ခွင့်ပေးရန်နှင့် ဒလိုင်းလားမားကို တိဗက်သို့ပြန်လာနိုင်ရေး တောင်းဆိုခဲ့ကြသလို ၂၀၀၈ ခုနှစ် အုံကြွမှုတွင်လည်း အလားတူ တောင်းဆိုကာ ဆန္ဒပြခဲ့ကြသည်။

ဘုန်းတော်ကြီးများသည် ခြေထောက်များ မသန်မစွမ်းဖြစ်ခြင်း၊ ကိုယ်တွင်းအင်္ဂါများ ပျက်စီးခြင်း၊ အိပ်မပျော် မျက်စိကြောင်ခြင်း၊ ခေါင်းအမြဲကိုက်ခြင်းနှင့် မလှုပ်ရှားနိုင်ခြင်း စသည့်ရောဂါတို့ကို ခံစားနေကြရသည်ဟု Phayul က ဖော်ပြသည်။

“ဘုန်းတော်ကြီး စီဝမ်နမ်ယယ်သည် ဂါဒန်စာသင်တိုက်မှ ကျောင်းအုပ်ဟောင်းဖြစ်ကာ ၎င်းကျောင်းသည် ပြီးခဲ့သည့်နှစ် နိုဝင်ဘာလက အဓမ္မ ပိတ်သိမ်းခံရသည်။ စီဝမ်နမ်ယယ်သည် လွတ်မြောက်ရေး လှုပ်ရှားမှုများမလုပ်တော့ကြောင်း ခံဝန်ထိုးကာ မသန်မစွမ်းဘဝဖြင့် ထွက်လာခဲ့သည်။ ဒါဟာသည် ကျောင်းတိုက်စာရင်းကိုင်ဖြစ်ပြီး ထောင်မှလွတ်လာသည့်အခါ မျက်မမြင်ဖြစ်နေပြီး ကိုယ်တွင်းအင်္ဂါများလည်း အစားထိုးခံထားရသည်။ ကျောင်းထိုင်ဘုန်းကြီး တန်ယာမှာ အကြားအာရုံချို့ယွင်းသွားပြီး ခန္ဓာကိုယ်မှာ လည်း မသန်စွမ်းတော့ပေ။

အကျဉ်းကျစဉ်အတွင်း ဘုန်းတော်ကြီးများ၏ မိသားစုဝင်များသည် ၁ နှစ် ၁ ကြိမ် သို့မဟုတ် ၂ နှစ် ၁ ကြိမ်သာ တွေ့ခွင့်ရပြီး ထိုသို့ ကြုံတောင့်ကြုံခဲ့တွေ့ရစဉ် မိသားစုဝင်များပေးသော အစားအစာ သို့မဟုတ် ပိုက်ဆံများလည်း မရယူနိုင်ခဲ့ကြပေ။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly