တောင်ဒဂုံမြို့နယ် တံတားဖြူမှတ်တိုင်တွင် အုပ်စုဖွဲ့ လုယက်မှု ဖြစ်ပွား

တောင်ဒဂုံမြို့နယ် တံတားဖြူမှတ်တိုင်တွင် အုပ်စုဖွဲ့ လုယက်မှု ဖြစ်ပွား

ဖေဖော်ဝါရီလ ၂၆ ရက်

ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့နယ် တံတားဖြူမှတ်တိုင်တွင် ယနေ့ ဖေဖော်ဝါရီ ၂၆ရက် နံနက် ၉နာရီအချိန်တွင် ကားစောင့်နေသူတစ်ဦးကို အဆိုပါမှတ်တိုင်အနီးရှိ လောင်းကစားဝိုင်းမှ လူတစ်စုက အုပ်စုဖွဲ့ လုယက်မှု ပြုလုပ်ခဲ့သည်ဟု မျက်မြင်တွေ့သူက ပြောသည်။

"အဲ့ဒီမှတ်တိုင်မှာ အလုခံရတဲ့ကောင်မလေးက ပိုက်ဆံ၂၀၀ကိုင်ပြီးကားစောင့်နေတာ။ အဲ့ဒါကို အဲ့ဝိုင်းကလူတွေက ဝင်ကစားပါလား ဆိုပြီးလှမ်းစနေတာ ကောင်မလေးက ဘာမှပြန်မပြောတော့ တစ်ယောက်က ကောင်မလေးပုခုံးကို လှမ်းကိုင်ပြီး ဝိုင်းမှာ အတင်းထိုင်ခိုင်းတယ်။ ပြီးတော့ ပိုက်ဆံထိုးသလို ပုံစံတွေ လုပ်ပြီး ကောင်မလေးလက်ထဲကိုလည်း သူတို့ပိုက်ဆံတွေ အတင်းထည့်ပေးတယ်။ နောက်တော့ ဓားထောက်ပြီး ဆွဲကြိုးနဲ့ ပိုက်ဆံအိတ်ကိုလုတော့တာပဲ''ဟု မျက်မြင်တွေ့သူအမျိုးသမီးတစ်ဦးက ပြောသည်။

အဆိုပါမျက်မြင် အမျိုးသမီးမှ လုယက်သူများကို ဝင်ရောက်ပြောဆိုရန် ကြိုးစားရာတွင် ပုခုံးကို ရိုက်နှက်ခံခဲ့ရကြောင်း၊ အဆိုပါမှတ်တိုင်တွင် လူများစွာရှိနေသော်လည်း ဝင်ရောက်ပြောဆိုမှု လုပ်ဆောင်သူမရှိကြောင်း ၎င်းက ပြောသည်။

တံတားဖြူကားမှတ်တိုင်သည်  မကြာခဏ လုယက်ခံရသည့်ဖြစ်စဥ်များ ဖြစ်ပွါးသည့် နေရာတစ်ခု ဖြစ်ကြောင်း၊ အဆိုပါဖြစ်စဉ်များကြောင့် စစ်ကောင်စီ၏ ရဲသတင်းပေး ထားရှိသည်ဟု သတင်းထွက်နေကြောင်း၊ ယခုလုယက်မှုဖြစ်ပွားသည့်အချိန်တွင်လည်း အဆိုပါ ရဲသတင်းပေးဆိုသူများက အနီးအနားတွင်ရှိနေနိုင်ကြောင်း အနီးဝန်းကျင်ရှိ ဒေသခံများက အခြေအနေကို ပြောပြသည်။

လုယက်မှုပြုလုပ်သူများသည် တံတားဖြူမှတ်တိုင်တွင် ပုံမှန်ရှိတတ်ပြီး လူ ၆ယောက်နှင့် အထက် ရှိနိုင်သည်ဟုလည်း အဆိုပါကားမှတ်တိုင်အနီးရှိ ဒေသခံတစ်ဦးက အခြေအနေကို ပြောပြသည်။

ဖေဖော်ဝါရီ ၂၂ရက်နေ့က မြောက်ဥက္ကလာမြို့နယ်မှ ရွှေပြည်သာမြို့နယ်သို့ ပြေးဆွဲနေသည့် ၄၂ ယာဉ်လိုင်းပေါ်တွင် အုပ်စုဖွဲ့ဓားထောက်လုယက်မှုတစ်ခုနှင့် ဖေဖော်ဝါရီ ၂၅ရက် ညနေပိုင်းက သာကေတမြို့နယ် ရတနာအိမ်ရာမှ ကြည့်မြင်တိုင်မြို့နယ်သို့ ပြေးဆွဲနေသည့် ၈၉ ယာဉ်လိုင်းပေါ်တွင် ငရုတ်သီးမှုန့်ဖြင့် မျက်နှာကိုပက်၍ ဖုန်းလုယက်မှု ဖြစ်ပွားခဲ့သေးသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required