COVID-19 ကာကွယ်ဆေး မထိုးသူများ ဖမ်းဆီးတရားစွဲမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်

COVID-19 ကာကွယ်ဆေး မထိုးသူများ ဖမ်းဆီးတရားစွဲမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများ ခြိမ်းခြောက်

ဖေဖော်ဝါရီ ၂၆

ဧရာဝတီတိုင်း၊ ငပုတောမြို့နယ် အောက်ဘက်ရှိ ကျေးရွာများမှ ပြည်သူများ COVID-19 ကာကွယ်ဆေး မထိုးပါက ဖမ်းဆီး တရားစွဲမည်ဟု စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးများက ပြည်သူများအား ခြိမ်းခြောက် နေကြောင်း ဒေသခံများထံက သိရသည်။

ပိုးလောင်းရွာနှင့် မကျည်းစင်ရွာ အပါအဝင် ငပုတောမြို့နယ် အောက်ဘက် ဒေသများ အားလုံးရှိ အုပ်ချုပ်ရေးမှူးများနှင့် ရာအိမ်မှူးများက လိုက်လံ ခြိမ်းခြောက်နေခြင်း ဖြစ်ကြောင်း ဒေသခံက ပြောသည်။

"စစ်တပ်က ထိုးပေးတဲ့ ကာကွယ်ဆေး ဆိုတော့ မယုံလို့ သွားမထိုးကြတာကို အတင်းလိုက်ပြီး ဖိအားပေး နေတာပါ၊ ရောဂါပိုး ကူးစက်ခံရတဲ့ သူတွေကို ကူညီနေတဲ့ စေတနာ့ ဝန်ထမ်းတွေကို တစ်လကို ပိုက်ဆံ သိန်း ၆၀ စီ ထောက်ပံ့နေတာ ရှိတယ်၊ အဲ့ဒီပိုက်ဆံကို အုပ်ကြီးတွေနဲ့ ထွေအုပ်က ဝန်ထမ်းတွေ ပေါင်းပြီး စားနေတာ၊ အဲ့ဒါကြောင့် ဆေးထိုးမဲ့သူ မရှိရင် ပြဿနာ တက်မှာစိုးလို့ ကာကွယ်ဆေး မထိုးရင် ထောက်ခံစာ မပေးဘူး၊ ဖမ်းမယ် ဆီးမယ်ဆိုပြီး ခြိမ်းခြောက်နေတာပါ" ဟု ၎င်းကဆိုသည်။

ငပုတောမြို့၊ အထက်တန်းကျောင်း၌ COVID-19 ကာကွယ်ဆေး နှစ်ကြိမ် ထိုးထားသည့် အသက် ၄၆ နှစ်အရွယ် အထက်တန်းပြ ဆရာမနှင့် ကျောင်းသား ၃၅ ဦး ယခုလ အတွင်း ရောဂါပိုး ကူးစက်ခံထားရကြောင်း ၎င်းက ဆက်ပြောသည်။

ငပုတောမြို့နယ်တွင် ဇန်နဝါရီလ အစောပိုင်းမှ ယခု ဖေဖော်ဝါရီ အထိ COVID-19 ကူးစက်ခံရသူ အများအပြား ရှိနေပြီး သေဆုံးသူ တစ်ဦးရှိကြောင်း လူမှုကူညီရေး အသင်းများ၏ ထုတ်ပြန်ချက်များအရ သိရသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly