ချောင်းဦးမြို့နယ်တွင် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားရာ နှစ်ဖက်အကျအဆုံးရှိဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ချောင်းဦးမြို့နယ်တွင် တိုက်ပွဲ ၂ကြိမ်ဖြစ်ပွားရာ နှစ်ဖက်အကျအဆုံးရှိဟု ကာကွယ်ရေးတပ်ဖွဲ့ဆို

ဖေဖော်ဝါရီလ ၂၅ ရက်

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ စိုက်ခင်းကွင်းပြင်တစ်နေရာတွင် ပျူစောထီးဆိုသူများနှင့် တိုက်ပွဲဖြစ်ပွားခဲ့ရာ ကာကွယ်ရေးတပ်ဖွဲ့မှ သုံးဦးကျဆုံးသွားကြောင်း ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (CHUPDF)မှ ယမန်နေ့ ဖေဖော်ဝါရီလ ၂၄ရက်တွင် ထုတ်ပြန်ထားသည်။

ဖေဖော်ဝါရီလ ၂၃ရက်နေ့လယ်ပိုင်းတွင် စိုက်ခင်းကွင်းပြင်တစ်နေရာတွင် ကံကြီးကုန်း ရွာမှ ပျူစောထီးဆိုသူများ ရောက်ရှိနေကြောင်း သတင်းများအရ CHUPDF တပ်ခွဲ(၂)မှ တပ်ခွဲမှူး ဦးစီး၍ တပ်စိတ်တစ်စိတ်က သွားရောက်တိုက်ခိုက်ရာ ပျူစောထီးတပ်ဖွဲ့ဝင် ၂၀ဦးခန့်နှင့် ထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့ခြင်း ဖြစ်ကြောင်း ဆိုသည်။

ယင်းတိုက်ပွဲအတွင်း ရဲဘော် ဒီမို (တပ်ခွဲမှူး - တပ်ခွဲ၂)၊ ရဲဘော်ဇော်ဇော်အောင် (CDM ကျောင်းဆရာ)နှင့် ရဲဘော် ဟိန်းထက် တို့ကျဆုံးခဲ့ပြီး AK47 သေနတ်တစ်လက်၊ လက်လုပ်တစ်တောင့်ထိုး သေနတ်နှစ်လက်၊ ပွိုင့်တူးတူး (.22mm) လက်လုပ် သေနတ်အတိုတစ်လက်တို့ ဆုံးရှုံးခဲ့ရကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ပျူစောထီးဆိုသူများဘက်မှလည်း ၃ယောက်ထိမှန်ခဲ့သော်လည်း သေဆုံးခြင်းရှိမရှိအား အတည် မပြုနိုင်ကြောင်း ဆိုသည်။

အဆိုပါ တိုက်ပွဲအပြီး ချောင်းဦးမြို့မ ရဲစခန်းတွင် ကင်းစောင့်နေသည့် ရဲတပ်ဖွဲ့များကို သွားရောက် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ရဲနှစ်ဦးသေဆုံးပြီး CHUPDF တပ်ခွဲ (၁)မှ အထိအခိုက်မရှိ ဆုတ်ခွါနိုင်ခဲ့ကြောင်းဖော်ပြထားသည်။

ဖေဖော်ဝါရီလ ၁၅ရက်နေ့ကလည်း မုံရွာ - ချောင်းဦး လမ်းပိုင်းတစ်နေရာတွင် တိုက်ပွဲ ဖြစ်ပွါးခဲ့ရာ စစ်ကောင်စီတပ်မှ တစ်ဦးသေပြီး CHUPDF မှ အကျအဆုံးမရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required