ဝီဂါများကို အစုလိုက်အပြုံလိုက်ထိန်းသိမ်းခြင်းသည် ကိုလိုနီနယ်ချဲ့သည့် အလွန်ဆိုးရွားသော ပုံစံဖြစ်နေ

ဝီဂါများကို အစုလိုက်အပြုံလိုက်ထိန်းသိမ်းခြင်းသည် ကိုလိုနီနယ်ချဲ့သည့် အလွန်ဆိုးရွားသော ပုံစံဖြစ်နေ

တရုတ်အစိုးရသည်၂၀၁၇ ခုနှစ်မှစ၍ ဝီဂါလူမျိုး ၁ ဒသမ ၈ သန်းခန့်ကို ဖမ်းဆီးထားကြောင်းနှင့် အစုလိုက်အပြုံလိုက်ချုပ်နှောင်မှုများသည် ရှင်ကျန်းဝီဂါကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ (XUAR) တွင် တရုတ်၏ နယ်သစ်အခြေချကိုလိုနီစနစ်နှင့် သယံဇာတထုတ်ယူမှုတို့တွင် တစ်စိတ်တစ်ဒေသအားဖြင့် ပါဝင်နေကြောင်း ကနေဒါနိုင်ငံ Simon Fraser University မှ နိုင်ငံတကာလေ့လာရေးလက်ထောက်ပါမောက္ခ မနုဿဗေဒ ပညာရှင် ဒါရင်ဘိုင်လာက အကြမ်းဖက်အရင်းရှင်စနစ် ‘Terror Capitalism’ ဟူသောစာအုပ်တွင် ရေးသား ထားသည်။

အကြမ်းဖက်အရင်းရှင်စနစ်သည် ဝီဂါများအား နိုင်ငံ့ရင်းနှီးမြှုပ်နှံမှုအတွက် လုံခြုံရေးခြိမ်းခြောက်မှုဟု တံဆိပ်ကပ်ကာ ၎င်းတို့အား စောင့်ကြည့်ထိန်းချုပ်ရန် ထိန်းသိမ်းကြပ်မတ်ခြင်းနှင့် စောင့်ကြည့်ရေးနည်းပညာများအားဖြင့် ဖိနှိပ်ချုပ်ခြယ်ထားမှုကို ကျိုးကြောင်းပြသည့်စနစ်ဖြစ်ကြောင်း ဘိုင်လာက RFA နှင့် အင်တာဗျူးတွင် ပြောကြားခဲ့သည်။

အူရမ်ကီမြို့တွင် ဘိုင်လာ၏ လူမျိုးစုဆိုင်ရာ ကွင်းဆင်းလေ့လာမှုအရ တရုတ်အစိုးရသည် အဆိုပါဒေသတွင် ဟန်လူမျိုးအခြေချနေထိုင်သူဦးရေ တိုးမြင့်လာစေရန် ကြိုးပမ်းမှုနှင့်အတူ လူများစုဖြစ်သော ဟန်တရုတ်တို့၏ တန်ဖိုးများကို ချမှတ်လာခြင်းက ဝီဂါများအိမ်ရာလက်မဲ့ဖြစ်ကာ နှင်ထုတ်ခံရခြင်းအဖြစ်သို့ ရောက်စေကြောင်း သိရသည်။

တရုတ်နိုင်ငံ၏ အကြမ်းဖက်မှု တန်ပြန်ရေးဥပဒေများသည် အကြမ်းဖက်မှုမဟုတ်သော အရာများကို အကြမ်းဖက်ဝါဒဟု သတ်မှတ်ထားသည်။ ဖုန်းတွင် WhatsApp ရှိခြင်း၊ VPN ကိုအသုံးပြုခြင်း၊ နိုင်ငံခြားတွင်နေထိုင်သော ဆွေမျိုးများရှိခြင်းနှင့် ၎င်းတို့အား ငွေပို့ခြင်းတို့ကဲ့သို့သော အရာများဖြစ်သည်။

ဝီဂါများဖြစ်ပျက်နေသည့်အကြောင်းအရာသည် ဌာနေအမေရိကန်များ ကိုလိုနီပြုခံရသည့် မြောက်အမေရိကကဲ့သို့သော နေရာများတွင် ဖြစ်ပွားခဲ့သည့် နယ်သစ်အခြေချ ကိုလိုနီစနစ်ပုံစံဟောင်းများနှင့် ဆင်တူကာ ဆက်စပ်နေကြောင်း စာဖတ်သူများအား သိရှိစေလိုသည်ဟု ဘိုင်လာက ပြောကြားခဲ့သည်။

အကြမ်းဖက်မှုဆိုင်ရာကမ္ဘာ့စစ်ပွဲကို ထိုသို့သော ကိုလိုနီစနစ်များ ဖော်ဆောင်ရန် ကိရိယာတစ်ခုအဖြစ် အသုံးပြုလျက်ရှိသည်။ တရုတ်နိုင်ငံ အနောက်မြောက်ပိုင်းတွင်လည်း ထိုနည်းတူ ဖြစ်ပျက်လျက်ရှိသည်။ ထိုအကြောင်းအရာများကို စာဖတ်သူများအား သိစေချင်ကြောင်းနှင့် ဝီဂါလူ့အဖွဲ့အစည်းပြုန်းတီးလာမှုသည် ယနေ့ခေတ် ကမ္ဘာတွင် တွေ့မြင်ရသော နယ်သစ်အခြေချကိုလိုနီစနစ်၏ အဆိုးရွားဆုံးပုံစံဖြစ်ကြောင်း ဘိုင်လာကပြောသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly