ဒီးမော့ဆို မြို့နယ်တွင်း တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး၊ တိုက်ပွဲ ဆက်ပြင်းထန်နေ

ဒီးမော့ဆို မြို့နယ်တွင်း တိုက်ပွဲ စစ်ကောင်စီတပ်သား ၁၀ ဦးထက်မနည်း သေဆုံး၊ တိုက်ပွဲ ဆက်ပြင်းထန်နေ

ဖေဖော်ဝါရီ ၂၃

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် လီဝိုးကျေးရွာအနီး တိုက်ပွဲ၌ စစ်ကောင်စီ တပ်သား ၁၀ ဦးထက် မနည်း သေဆုံးပြီး ယနေ့ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်ပိုင်းတွင်လည်း တိုက်ပွဲ ဆက်လက် ပြင်းထန်နေကြောင်း ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်က ပြောသည်။

ယမန်နေ့က ဖြစ်ပွားသည့် လီဝိုးကျေးရွာအနီးနှင့် ဝီသဲကူးကျေးရွာ တိုက်ပွဲတွင် စစ်ကောင်စီ တပ်သား ၁၀ ဦးထက် မနည်း သေဆုံးခဲ့ခြင်း ဖြစ်သည်။

" မနေ့ကတော့ တိုက်ပွဲက တစ်နေကုန်ပဲ။ နေရာကတော့ အနှံ့မှာ ဖြစ်နေတာ။ ညနေမှာတော့ လေယာဉ်တွေနဲ့ လာပစ်တယ်။ အဓိက ရင်ဆိုင်တိုက်ပွဲ ဖြစ်တဲ့ နေရာမှာတော့ စစ်ကောင်စီတပ်တွေ ၁၀ ဦးထက်မနည်း သေတယ်လို့ ပြောလို့ရတယ်။ ဒီနေ့ မနက်ပိုင်း ကတည်းက အဲ့ဒီရွာတွေ အနီးမှာ တိုက်ပွဲ ပြင်းထန်နေတယ်။ အခြေအနေ အသေးစိတ်တော့ မသိရသေးဘူး" ဟု ဒီးမော့ဆို PDF တပ်ဖွဲ့ဝင်က ပြောသည်။

စစ်ကောင်စီ တပ်များက ယမန်နေ့ တိုက်ပွဲ၌ ညနေ ၃ နာရီ ဝန်းကျင်တွင် ရဟတ်ယာဉ် တစ်စီးဖြင့် ငါးကြိမ်ခန့် ပစ်ကူ တိုက်ခိုက်ခဲ့သည့် အပြင် ညနေ ၄ နာရီတွင် တိုက်‌လေယာဉ် နှစ်စီးဖြင့် ခုနစ် ကြိမ်ထက် မနည်း ဗုံးကြဲ တိုက်ခိုက်ခဲ့သည်ဟု ဆိုသည်။

ယနေ့ နံနက်တွင်လည်း နမ့်မယ်ခုံ အရှေ့နှင့် အနောက်မှ အင်အား အလုံးအရင်းဖြင့် စစ်ကြောင်းနှစ်ခု ထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များကို ပြည်သူ့ ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-Local PDF)၊ လွိုင်ကော် (PDF )၊ KNDF၊ KA နှင့် အခြားတော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းကာ နံနက် အစောပိုင်းကစ၍ ခုခံတိုက်ပွဲ ဆင်နွှဲနေသည်ဟု သိရသည်။

" တိုက်ပွဲက ပိုပြင်းထန်ဖို့ပဲရှိ တယ်။ ဒေသခံသောင်းချီ ထွက်ပြေးနေရတယ်။ ပြည်သူတွေလည်း တော်တော် ဒုက္ခရောက်ကြတယ်။ အကုန်သတိနဲ့ နေကြဖို့လည်း ပြောထားရတယ်" ဟု PDF တပ်ဖွဲ့ဝင် တစ်ဦးက ဆိုသည်။

ဒီးမော့ဆိုမြို့နယ်နှင့် မိုးဗြဲမြို့နယ်တို့တွင် ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ ယနေ့အထိ တိုက်ပွဲများ ပြင်းထန်နေပြီး အကြမ်းဖက် စစ်ကောင်စီတပ်၏ မိုးဗြဲ အခြေစိုက် (ခမရ-၄၂၂ )တပ်၊ လွိုင်ကော် အခြေစိုက် (ခလရ-၂၅၀) တပ် နှင့် ဒီးမော့ဆို အခြေစိုက် (ခမရ-၄၂၇) တပ်တို့က တာဝေးပစ် အမြောက်များဖြင့် နေ့စဉ်ရက်ဆက် ပစ်ခတ်နေသည်ဟု ဆိုသည်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly