၄ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးဟု ကန်ပက်လက်-CDF ဆို

၄ ရက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၂၁ ဦးသေဆုံးဟု ကန်ပက်လက်-CDF ဆို

ဖေဖော်ဝါရီ ၂၃

မကွေးတိုင်း လောင်းရှည်မှ ချင်းပြည်နယ် ကန်ပက်လက်မြို့နယ်သို့ ဖေဖော်ဝါရီလ ၂၀ ရက်နေ့တွင် ဝင်ရောက်လာသည့် စစ်ကောင်စီ စစ်ကြောင်းနှင့် ကန်ပက်လက်-CDF ပူးပေါင်း တပ်ဖွဲ့များ လေးရက် အတွင်းတိုက်ပွဲ လေးကြိမ် ဖြစ်ပွားရာ စစ်ကောင်စီဘက်မှ ၂၁ ဦး သေဆုံးကြောင်း ကန်ပက်လက်-CDF က ထုတ်ပြန်သည်။

ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ဆွဲလွဲကျင်ရွာ အနီး၌ နံနက် ၈ နာရီနှင့် နေ့လည် ၁၂ နာရီတွင် စစ်ကောင်စီ စစ်ကြောင်းကို ကန်ပက်လက်-CDF နှင့် CAN စောင့်ကြို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ခြောက်ဦး သေဆုံးကြောင်း ဆိုသည်။

ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ၎င်းစစ်ကြောင်းနှင့် ကန်ပက်လက်-CDF၊ PDF-ဆောနှင့် CNA ပူးပေါင်း တပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်မှ လေးဦး ထပ်မံ သေဆုံးခဲ့သည်။

ဖေဖော်ဝါရီ ၂၂ ရက်နေ့တွင် ရေရှောင်လမ်း မြက်ခင်းပြင် အနီးတွင် စစ်ကောင်စီ စစ်ကြောင်းနှင့် CDF-ဒိုင်၊ PDF-ဆော၊ ကန်ပက်လက်-CDFနှင့် CNA ပူးပေါင်းတပ်ဖွဲ့တို့ တိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီဘက်မှ ၁၁ ဦး သေဆုံးကာ အများအပြား ဒဏ်ရာရရှိခဲ့ကြောင်း ဆိုသည်။

"တိုက်ပွဲတွေက ဒီထက်ပိုပြီးတော့ ပြင်းဖို့များတယ်၊ အခုက စစ်တပ်နဲ့ တိုက်ပွဲဖြစ်တာက CDF-ကန်ပက်လက် အဖွဲ့တင် မဟုတ်ဘူး၊ PDF တွေလည်းပါတယ်။ CNA လည်း ပါလာတယ်။ မနေ့က ရွာထဲကနေ ဖြတ်သွားတာ အများကြီးဘဲ၊ ကျွန်တော်တို့အတွက် ဆုတောင်း ပေးကြပါနော်လို့တောင် ပြောသွားကြသေးတယ်'' ဟု မောချောင်းရွာသား တစ်ဦးက ပြောသည်။

တိုက်ပွဲများတွင် အထိနာနေသော စစ်ကောင်စီတပ်များသည် မဆာတွီကျေးရွာရှိ ပြည်သူ နေအိမ်များအား ဖျက်ဆီးကာ ပစ္စည်း အမြောက်အများ ယူဆောင်သွားပြီး၊ မောချောင်းရွာတွင် လူနေအိမ် လေးလုံး မီးရှို့ ဖျက်ဆီးခဲ့ကြောင်း သိရသည်။

အဆိုပါ စစ်ကြောင်းသည် ချင်းပြည်နယ်အတွင်း မရောက်မီ ဖေဖော်ဝါရီ ၁၆ ရက်နေ့ကလည်း မကွေးတိုင်း လောင်းရှည်မြို့အနီး ရင့်ရဲချောင်း တံတား ကားလမ်း အနောက်ဘက်၌ လောင်းရှည် PDF ထောင်ထားသည့် မိုင်းကို ရှင်းလင်းရာမှ ပေါက်ကွဲမှုဖြစ်ကာ ဒုဗိုလ်တစ်ဦး နေရာ၌ သေဆုံးခဲ့ကြောင်း သိရသည်။

ဓါတ်ပုံ - ဖေဖော်ဝါရီ ၂၁ ရက်နေ့က မောချောင်းရွာ ရောက်ရှိခဲ့သည့် စစ်ကောင်စီ စစ်ကြောင်း နေအိမ် လေးလုံးအား မီးရှို့ခဲ့စဉ်။

#CNA

#MizzimaTV

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly