မြောင်မြို့ အဝင်အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ် အသွင်ယူ ပုံဖျက်ရန် ကြိုးပမ်း

မြောင်မြို့ အဝင်အထွက်ဂိတ်များ၌ စစ်ကောင်စီတပ်က ဒေသကာကွယ်ရေးတပ် အသွင်ယူ ပုံဖျက်ရန် ကြိုးပမ်း

ဖေဖော်ဝါရီလ ၂၂ ရက်

စစ်ကိုင်းတိုင်း၊ မြောင်မြို့ အဝင်အထွက် ဂိတ်နေရာများတွင် အကြမ်းဖက် စစ်ကောင်စီ တပ်သားများက မြောင်မြို့နယ် ပြည်သူ့ကာကွယ်ရေးနှင့် လုံခြုံရေးအဖွဲ့ CDSOM အဖွဲ့ဝင်များ ပုံစံ အသွင်ယူ ပုံဖျက်ရန် ကြိုးပမ်းမှုများ ရှိနေကြောင်း ယမန်နေ့ ဖေဖော်ဝါရီလ ၂၁ ရက်တွင်  CDSOM က တရားဝင် ထုတ်ပြန်သည်။

မြင်းမူမြို့နယ်ဘက်မှ မြောင်မြို့အတွင်းသို့ ဝင်ရသော အဝင်ဂိတ်နှင့် မြောင်မြို့နယ်ထဲသို့ ဆင်းသော မြောင်မြို့ အထွက်ဂိတ် နှစ်နေရာရှိ တစ်ဂိတ်စီ၌ စစ်ကောင်စီတပ်သား ခြောက်ယောက်ခန့်က CDSOM အဖွဲ့ ဝတ်စုံများ ဝတ်ဆင် အသွင်ယူကာ ပြည်သူအား ရိုင်းပြစွာ ဆက်ဆံ စစ်ဆေးပြီး ပြည်သူ့ကာကွယ်ရေး တပ်သားများ (PDF) ကို ပုံဖျက်ရန် ကြိုးပမ်းနေကြောင်းနှင့် ဂိတ်အနီးဝန်းကျင်တွင်လည်း အရပ်ဝတ်များဖြင့် ကင်းချထားကြောင်း CDSOM အဖွဲ့ခေါင်းဆောင်ထံမှ သိရသည်။

“အဝင်ရော အထွက်ရော နှစ်ပေါက်လုံးမှာ သူတို့ (စစ်ကောင်စီတပ်သားများ) က ကျွန်တော်တို့ CDSOM တံဆိပ်အင်္ကျီတွေ၊ အလံတွေနဲ့ CDSOM တံဆိပ်ပါတဲ့ ဦးထုတ်တွေဝတ်ပြီး လာသမျှ ကားတွေ ဆိုင်ကယ်တွေကို တားစစ်နေတာ။ သတင်းရလို့ ပုံစံ အနေအထားတွေကို မေးကြည့်တော့ အင်္ကျီက မှန်တယ်၊ ကျွန်တော်တို့ အင်္ကျီ။ ဒါပေမယ့် မတူဘဲ လွဲနေတာက ဦးထုတ်၊ ကျွန်တော်တို့ CDSOM ဦးထုတ်မှာက တံဆိပ်မရှိဘူး။ သူတို့က တံဆိပ်ပါတဲ့ ဦးထုတ်တွေနဲ့ဆိုတော့ ကျွန်တော်တို့အဖွဲ့ မဟုတ်ဘူးဆိုတာ လုံးဝ သေချာသွားတယ်။ ပြီးတော့ အဲဒီနေရာတွေ (စစ်ဆေးရေးဂိတ်) က စစ်ကောင်စီတွေ တပ်စွဲ၊ ကင်းချထားတဲ့ နေရာတွေ။ ကျွန်တော်တို့ဂိတ် မရှိဘူး၊ မြို့ထဲမှာ ဆိုတော့လေ” ဟု CDSOM အဖွဲ့ခေါင်းဆောင်က ရှင်းပြသည်။

ယမန်နေ့မှ စတင်ကာ စစ်ကောင်စီတပ်များ အသွင်ယူ စစ်ဆေးမှုများ လုပ်နေသည့်အတွက် ပြည်သူများ ဒုက္ခမရောက်စေရန် အသိပေးခြင်း ဖြစ်ကြောင်း ၎င်းကဆိုသည်။

“ပြည်သူတွေမှားမှာ စိုးတာက တစ်နယ်လုံးက ကျွန်တော်တို့ ယူနီဖောင်းနဲ့ မြင်ရင်ကို လက်သုံးချောင်း ထောင်ပြတာ၊ အောင်မြင်ပါစေ ဆိုတာမျိုး ပြောပြီး နှုတ်ဆက်ကြတာမျိုး ဆိုတော့ သူတို့က ကျွန်တော်တို့ အင်္ကျီ ဝတ်ထားတာ ဆိုတော့ မှားပြီး နှုတ်ဆက်မိရင် ဖမ်းခံရတာမျိုး ဖြစ်မှာစိုးလို့ ကျွန်တော်က အသိပေးတာပါ။ အဲ့နေရာတွေက ကျွန်တော်တို့ လုံးဝကို ဂိတ်မထားတဲ့ နေရာဖြစ်လို့ ဒါက ကျွန်တော်တို့အဖွဲ့ လုံးဝ မဟုတ်ဘူး ဆိုတာ ပြောချင်ပါတယ်။ ကျွန်တော်တို့အဖွဲ့ကို ပုံဖျက်ဖို့ လုပ်နေတာပါ” ဟု CDSOM အဖွဲ့ခေါင်းဆောင်က ဆိုသည်။

ယမန်နေ့ညက စစ်ကောင်စီ အင်အား ၂၀၀ ခန့် မြင်းမူဘက်မှ မြောင်မြို့ထဲသို့ ရောက်ရှိလာကာ စစ်ကြောင်းထိုးရန် ပြင်ဆင်နေကြောင်းလည်း CDSOM အဖွဲ့ခေါင်းဆောင်၏ အဆိုအရ သိရသည်။

 

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required