အင်္ဂလန်၊ ဇွန် ၈။ ။ လီဗာပူးလ်အသင်းသည် တန်းဆင်းသွားခဲ့သည့် ဘန်လေအသင်းမှ တိုက်စစ်မှူး ဒန်နီအင့်စ်ကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားခဲ့ပြီဖြစ်သည်။ အင့်စ်နှင့် ဘန်လေတို့၏ စာချုပ်မှာ ယခုဇွန်လအကုန်တွင် ကုန်ဆုံးမည် ဖြစ်သည်။
ဆေးစစ်မှုများပြုလုပ်ပြီးနောက်တွင် အသက် ၂၂ နှစ်အရွယ်ရှိတိုက်စစ်မှူးကို ခေါ်ယူနိုင်တော့မည်ဖြစ်ကြောင်း လီဗာပူးလ်အသင်းက ကြေညာခဲ့သည်။
ဘန်လေအသင်းကလည်း ထိုသတင်းကို အလျှင်အမြန်ပင် ထုတ်ပြန်ခဲ့သည်။ လီဗာပူးလ်အနေဖြင့် ပြောင်းရွှေ့ကြေးမည်မျှ ပေးခဲ့ရသည်ကိုမှု ဘန်လေအသင်းက ဖော်ပြခြင်း မရှိခဲ့ပေ။
'တိုက်စစ်မှူး ဒန်နီအင့်စ်ဟာ ဒီနေ့မှာ လီဗာပူးလ်အသင်းနဲ့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရခဲ့ပါပြီ။ ဆေးစစ်မှု ခံယူပြီးခဲ့ရင် ဇူလိုင်လ ၁ ရက်နေ့မှာ မာဆေးဆိုက်ဒ်ကလပ်ကို တရားဝင်ရောက်ရှိတော့မှာပါ' ဟု ဘန်လေအသင်းက ကြေညာသည်။
အင့်စ်သည် ပြီးခဲ့သည့်ရာသီက ခြေစွမ်းပြပြီး ပရီးမီးယားလိဂ်သွင်းဂိုး ၁၁ ဂိုးအထိသွင်းယူပေးခဲ့သော်လည်း ဘန်လေအသင်းမှာ တန်းဆင်းခဲ့ရသည်။
လီဗာပူးလ်အသင်းသည် မန်စီးတီးနှင့် စာချုပ်သက်တမ်းကုန်ဆုံးသွားခဲ့သော မီလ်နာကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ယခု အင့်စ်ကို ထပ်မံ ခေါ်ယူနိုင်ခဲ့ခြင်း ဖြစ်သည်။
ရည်ညွှန်း ဂိုးလ်ဒေါ့ကွန်း