ရန်ကုန်၊ ဇွန် ၉ ။ ။ သြစတြေးလျ အစိုးရက ပြည်ပနိုင်ငံများသို့ ပေးနေသည့် အကူအညီများကို လျှော့ချ လိုက်ခြင်းကြောင့် မြန်မာနိုင်ငံ၏ ကျန်းမာရေး စောင့်ရှောက်မှု စီမံကိန်းအတွက် ပေးနေသည့် အကူအညီ၏ ၄၀ ရာခိုင်နှုန်း ကို လျှော့ချလိုက်ကြောင်း မြန်မာအကြီးဆုံး ဖွံ့ဖြိုးမှု အဖွဲ့အစည်း ဖြစ်သည့် 3MDG Fund က ပြောဆိုလိုက်သည်ဟု သြစတြေးလျ အခြေစိုက် Sydney Morning Herald တွင် ဇွန် ၈ ရက်က ရေးသားထားသည်။
သြစတြေးလျ အစိုးရက လက်ရှိတွင် ဥက္ကဋ္ဌ တာဝန်ယူထားသည့် Three Millennium Development Goal Fund (3MDG) အဖွဲ့အစည်းအတွက် ထည့်ဝင်ရမည့် ရန်ပုံငွေ အမေရိကန် ဒေါ်လာ ၄၂ သန်း( သြစတြေး လျ ဒေါ်လာ ၅၄ ဒသမ ၉ သန်း)ကို ထည့်ဝင်လိမ့်မည် မဟုတ်ကြောင်း သြစတြေးလျ အစိုးရက မေ ၁၂ ရက်က ကြေညာထားခဲ့သည်။
“ ဒီအတွက်ကြောင့် သြစတြေးလျ နိုင်ငံအနေနဲ့ အဖွဲ့ရဲ့ ရန်ပုံငွေမှာ နောက်ထပ်ခန့်မှန်း အမေရိကန် ဒေါ်လာ ၄၂ သန်းကို ထည့် ဝင်လာတော့မှာ မဟုတ်ပါ။ သြစတြေးလျက အဖွဲ့မှာ ဒုတိယ အများဆုံးရန်ပုံငွေ ထည့်ဝင်တဲ့ နိုင်ငံအဖြစ်တော့ ရှိနေဆဲပါ။ အမေရိကန်ဒေါ်လာ ၄၈ ဒသမ ၂ သန်း ထည့်ဝင်ပေးထားပြီးဖြစ်ပြီး 3MDG ရန်ပုံငွေ ဘုတ်အဖွဲ့ကြီးမှာ ဥက္ကဋ္ဌ အဖြစ်လည်း ရှိနေဆဲပဲ ဖြစ်ပါတယ်” ဟု ရေးသားဖော်ပြထားသည်။
3MDG Fund အဖွဲ့ကြီး၏ စုစုပေါင်း ထည့်ဝင်ငွေ ၁၁ ဘီလီယံအနက် ၅၄ ဒသမ ၉ သန်း လျှော့ချ လိုက်ခြင်းဖြစ်ပြီး လျှော့ချ သည့် နိုင်ငံများ၏ ဖွံ့ဖြိုးမှုကို စောင့်ကြည့်ရမည်ဟု ဆိုသည်။
ယင်းသို့ အကူအညီ လျှော့ချမှုကြောင့် လက်ရှိတွင် သြစတြေးလျက အကူအညီပေးနေသည့် ကျန်းမာရေး စီမံကိန်းများတွင် ပါဝင်သည့် မိခင်နှင့် ကလေး စောင့်ရှောက်ရေး၊ HIV/AIDS၊ ငှက်ဖျားနှင့် တီဘီရောဂါ စီမံကိန်းများတွင် ရုတ်တရက် အကျိုးသက်ရောက်မှု ရှိနိုင်ဦးမည် မဟုတ်ဟု သြစတြေးလျ နိုင်ငံခြားရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဆိုထားသည်။
မြန်မာအစိုးရနှင့်အတူ မိတ်ဖက်လုပ်ကိုင်နေသည့် ယင်းအဖွဲ့ကြီးတွင် ဒိန်းမတ်၊ ဥရောပသမဂ္ဂ၊ ဆွီဒင်၊ ဆွစ်ဇာလန်၊ ဗြိတိန်နှင့် အမေရိကန်နိုင်ငံများမှ နိုင်ငံခြားအကူအညီ ရန်ပုံငွေ မတည်လျက် ရှိသည်။