အင်ကာရာ၊ ဇွန် ၁၀ ။ ။ တူရကီနိုင်ငံတွင် မကြာမီက ပါလီမန် ရွေးကောက်ပွဲရလဒ်အရ လုပ်ထုံးလုပ်နည်း ဆောင်ရွက်မှု အတိုင်း အစိုးရအဖွဲ့၏ ရာထူးနှုတ်ထွက်ခွင့်ကို တူရကီသမ္မတ ရီဆက်တေယစ်အာဒိုဂန်က လက်ခံလိုက်ပြီ ဖြစ်သည်။
”သမ္မတက ဝန်ကြီးချုပ် အာမတ်ဒါဗူတိုဂါလူက တင်သွင်းခဲ့တဲ့ ကက်ဘိနက်ရဲ့ ရာထူးနှုတ်ထွက် ခွင့်ကို လက်ခံလိုက်ပါပြီ”ဟု သမ္မတရုံးက အင်္ဂါနေ့က ထုတ်ပြန်ခဲ့သည်။
ဇွန် ၇ ရက်က ပါလီမန်ရွေးကောက်ပွဲတွင် အာဒိုဂန်၏ တရားမျှတမှုနှင့် ဖွံ့ဖြိုးမှုပါတီ AKP က လွှတ်တော်နေရာ အများစုကို ဆုံးရှုံးခဲ့ခြင်း ဖြစ်သည်။ ၂၀၀၂ ခုနှစ် အာဏာရခဲ့စဉ်မှစကာ ပထမဆုံး အရှုံးကို လက်ခံလိုက်ရခြင်း ဖြစ်သည်။
ဇွန် ၂၅ ရက်တွင် ကျမ်းသစ္စာကျိန်ဆိုမှု ပြုလုပ်ရမည့် လွှတ်တော်အမတ်သစ်များက ၄၅ ရက် အတွင်း ကက်ဘိနက် အဖွဲ့သစ်ကို ဖွဲ့ရမည်ဖြစ်သည်။ မဖွဲ့နိုင်ခဲ့ပါက သမ္မတ အာဒိုဂန်သည် ရွေးကောက်ပွဲသစ်များ ဆင့်ခေါ်နိုင်ပိုင်ခွင့် ရှိသည်။
ယခုပါလီမန် ရွေးကောက်ပွဲတွင် သမ္မတ အာဒိုဂန်၏ AKP ပါတီက မဲ ၄၁ ရာခိုင်နှုန်းဖြင့် အမတ်နေရာ ၅၅၀ ရှိသည့် လွှတ်တော် တွင် ၂၅၈ နေရာရရှိခဲ့ခြင်းဖြစ်သည်။ ယင်းကြောင့် အာဒိုဂန်အစိုးရက အတိုက်အခံ သုံးပါတီမှ တစ်ပါတီဖြင့် ညွန့်ပေါင်းအစိုးရ ဖွဲ့ရမည်ဖြစ်သည်။