ဆိုးလ်၊ ဇွန် ၈ ။ ။ တောင်ကိုရီးယားနိုင်ငံတွင် မားစ်ရောဂါကြောင့် ခြောက်ဦး သေဆုံးသွားပြီဖြစ်ပြီး ရောဂါပျံ့နှံ့မှု ပိုမိုဆိုးဝါး လာလျက်ရှိသည်။
ဇွန် ၇ ရက်က နောက်ထပ် မားစ်ရောဂါ ကူးစက်ခံထားရသူ ၂၃ ဦးကျော် တွေ့ရှိခဲ့ရာ ယခု အချိန်အထိ ကူးစက်ခံရသူပေါင်း ၈၇ ဦးအထိ ရှိနေသည်ဟု ကျန်းမာရေးတာဝန်ရှိသူများက ပြောသည်။
ရောဂါဇစ်မြစ်ဖြစ်သည့် အရှေ့အလယ်ပိုင်းပြင်ပတွင် ရောဂါပျံ့နှံ့ဖြစ်ပွားမှု အဆိုးဆုံး အခြေအနေ ကို တောင်ကိုရီးယားတွင် ရင်ဆိုင်ကြုံတွေ့နေရခြင်း ဖြစ်သည်။
ရောဂါမကူးစက် မပျံ့နှံ့ရေးအတွက် ရောဂါခြေချုပ် လုပ်ထားရသူ ၂,၃၀၀ ဝန်းကျင်ရှိပြီး ကျောင်းပေါင်း ၁,၉၀၀ နီးပါးကို ပိတ်ထားရသည်။
တနင်္လာနေ့ နံနက်ပိုင်းက အသက် ၈၀ ကျော်ရှိ လူနာတစ်ဦးက နောက်ဆုံးမားစ်ရောဂါ ကူးစက်ကာ သေဆုံးခဲ့ခြင်း ဖြစ်သည်။
အသက် ၇၅ နှစ်ရှိ အမျိုးသားကြီးတစ်ဦးလည်း စနေနေ့က မားစ်ရောဂါကြောင့် သေဆုံးခဲ့သည်။
ရောဂါကူးစက်နေကြောင်း နောက်ဆုံးတွေ့ရသည့် လူ ၂၃ ဦးအနက် ၁၇ ဦးမှာ ဆမ်ဆောင်း ဆေးဝါး စင်တာတွင် ကူးစက်ခံ ရခြင်းဖြစ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောသည်။