ကယန်း PDF တွေက ကယားအိမ်တွေကို လုယက်နေတယ်ဆိုတဲ့ သတင်းမှားဖြန့်၊ လူမျိုးရေး သွေးထိုးမှုများ လုပ်နေ

By သတင်းနှင့် မီဒီယာ ကွန်ရက်။
26 January 2022
ကယန်း PDF တွေက ကယားအိမ်တွေကို လုယက်နေတယ်ဆိုတဲ့ သတင်းမှားဖြန့်၊ လူမျိုးရေး သွေးထိုးမှုများ လုပ်နေ

၂၀၂၂ ခုနှစ် ဇန္နဝါရီလ ၂၆ ရက်။

ကယန်း PDF တွေက ကယားလူမျိုးတွေကို နှိပ်စက်နေတယ်။ ကယားလူမျိုးတွေက ကယန်းလူမျိုးတွေရဲ့ အိမ်တွေ ပစ္စည်းတွေကို လုယူနေတယ်ဆိုတဲ့ သတင်းပို့စ်တစ်ခုကို Ko Thiha ဆိုသူ Facebook အကောင့်ပိုင်ရှင်က ဇန္နဝါရီလ ၂၅ ရက်နေ့ ညနေ ၅ နာရီ ၁၉ မိနစ်မှာ တင်ထားတာကို တွေ့ရပါတယ်။

Ko Thiha ဆိုသူက သေဆုံးနေတဲ့လူ နှစ် ဦးရဲ့ ဓာတ်ပုံနဲ့ သူရေးသားထားတဲ့ စာကို ပေါင်းစပ်ပြီးတော့ ဓာတ်ပုံတစ်ခု လုပ်တယ်။ ပြီးတော့ သူလုပ်ထားတဲ့ ဓာတ်ပုံကို သူ့ရဲ့ Facebook အကောင့်မှာ စာရေးပြီးတော့ တွဲတင်ထား တာ ကို တွေ့ရပါတယ်။

သူဖန်တီးပြုလုပ်ထားတဲ့ ဓာတ်ပုံထဲမှာဆိုရင် “လွိုင်ကော်မြို့ရဲ့ ရွာအချို့မှာ ယယန်း PDF တွေ ကယားလူမျိုး တွေကို ညှင်းပန်းနှိပ်စက်နေကြတယ်။ ကယန်းတွေက ကယားတွေရဲ့ အိမ်တွေ၊ ပစ္စည်းတွေကို မောင်ပိုင်စီး လုယက်နေကြတယ်။ ကယ်တင်ပေးကြပါဗျာ” (မူရင်းအရေးအသားအတိုင်း) ဆိုပြီး ရေးထားတာကို တွေ့ရပါတယ်။

ဒီရေးသားမှုတွေဟာ သတင်းအမှား တစ်ခုသာ ဖြစ်ပါတယ်။

ဘာဖြစ်လို့လဲဆိုတော့ Ko Thiha ဆိုသူက စာသားတွေနဲ့ အတူ တွဲတင်ထားတဲ့ ဓာတ်ပုံဟာ လူမျိုး နှစ်မျိုးကြားမှာ ဖြစ်ပွားလာတဲ့ ပဋိပက္ခကြောင့် လူသေဆုံးမှုမျိုး မဟုတ်ပဲ စစ်ကောင်စီတပ်က ဒေသခံ တိုင်းရင်းသား လူမျိုးစု တွေကို ဖမ်းဆီး သတ်ဖြတ်ထားတာကို လူမျိုးစု ၂ ခုကြားထဲမှာ ဖြစ်ပွားလာတဲ့ ပဋိပက္ခ ပုံစံမျိုးနဲ့ ဖန်တီးရေးသား ထားလို့ပဲ ဖြစ်ပါတယ်။

ပြီးတော့ ဓာတ်ပုံထဲမှာပါတဲ့ သေဆုံးသူတွေဟာလည်း ပြီးခဲ့တဲ့ ရက်ပိုင်းက စစ်ကောင်စီတပ်ရဲ့ ဖမ်းဆီး သတ် ဖြတ်ခြင်းကို ခံခဲ့ရတဲ့ ဟိုဖိတ်ကျေးရွာက ဒေသခံတွေဖြစ်ပြီး အဲဒီဖြစ်စဉ်ဟာ လူမျိုးစု နှစ်ခုကြားက ပဋိပက္ခ ကြောင့် သေဆုံးတာ မဟုတ်သလို PDF ၊ KNDF ၊ KA စတဲ့ အဖွဲ့တွေက သတ်ဖြတ်ခဲ့တာ မဟုတ်ဘူး ဆိုတဲ့ အကြောင်းကို ကရင်နီ ပြည်နယ် အခြေစိုက် KANTARWADDY TIMES သတင်းဌာနကလည်း သက်ဆိုင် သူတွေကို မေးမြန်းပြီး ရုပ်သံ သတင်းတင်ဆက်ထားတာကို ကြည့်ရင် သိနိုင်ပါတယ်။

KANTARWADDY TIMES သတင်းဌာနက တင်ဆက်ထားတဲ့ ရုပ်သံသတင်းကို ဒီမှာ https://bit.ly/3KKeD5Y ဝင်ကြည့်လို့ရပါတယ်။

စစ်တပ်က အာဏာသိမ်းယူတဲ့နောက်ပိုင်း ကရင်နီပြည်နယ်ထဲမှာ အရပ်သားပြည်သူတွေကို စစ်ကောင်စီတပ်က တောက်လျှောက် သတ်ဖြတ်လာခဲ့တာကို ဒေသခံပြည်သူ့ ကာကွယ်ရေးတပ် PDF၊ KNDF၊ KA စတဲ့ တပ်ဖွဲ့တွေ က သတ်ဖြတ်ခဲ့ တယ်ဆိုပြီး စစ်ကောင်စီပိုင် မီဒီယာတွေနဲ့ စစ်ကောင်စီအတွက် မဟုတ်မမှန်သတင်း တွေကို ဝါဒဖြန့် နေသူတွေက ရေးသားဖြန့်ဝေနေကြတာကို ဆက်တိုက်ဆိုသလို တွေ့နေရပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၂၄ ရက်နေ့က ဒေသအတွင်းမှာ တိုက်ပွဲဖြစ်ပွား လာတဲ့အတွက် စစ်ဘေးရှောင်လာကြတဲ့ ဖရူဆိုမြို့နယ် မိုဆိုရွာသား ၃၀ ကျော်ကို စစ်ကောင်စီတပ်က ကားတွေနဲ့အတူ မီးရှို့သတ်ခဲ့တဲ့ ဖြစ်စဉ်ကို ပြောင်းပြန် အနေနဲ့ PDF တပ်ဖွဲ့တွေက ပြည်သူတွေကို ကားတွေနဲ့အတူ မီးရှို့သတ်ခဲ့တယ်ဆိုပြီး ဝါဒဖြန့် ရေးသား ဖြန့်ဝေနေ တာကိုလည်း တွေ့ခဲ့ရပါတယ်။

ဒါ့အပြင် အခြားပြည်နယ်နဲ့ တိုင်းဒေသကြီးတွေမှာလည်း ယခုလိုမျိုး အလားတူဖြစ်စဉ်တွေကို စစ်ကောင်စီပိုင် မီ ဒီယာတွေနဲ့ စစ်ကောင်စီအတွက် မဟုတ်မမှန်သတင်း တွေကို ဝါဒဖြန့် နေသူတွေက အမှန်ကို အမှားဖြစ်အောင် ရေးသားဖြန့်ဝေနေကြတာကို စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်းမှာ တော်တော်များများကို တွေ့နေရပါတယ်။

အခုဖြစ်စဉ်ကို ကြည့်မယ်ဆိုရင်လည်း ကရင်နီပြည်နယ်ထဲက ဒေသခံ လူမျိုးစု တွေကြားမှာရှိနေတဲ့ စည်းလုံး ညီ ညွတ်မှုကို ပျက်ပြားအောင်၊ တဖက်နှင့် တစ်ဖက် မုန်းတီးအောင်၊ စိတ်ဆိုးဒေသထွက်အောင်၊ ပြဿနာဖြစ် အောင်၊ ဒေသအခြေစိုက် လူမျိုးစု တော်လှန်ရေးအဖွဲ့တွေ၊ PDF တွေအကြားမှာ ပဋိပက္ခ ဖြစ်အောင် တမင် သက် သက် သွေးထိုးလှုံ့ဆော် ဝါဒဖြန့်ရေးသားထားတဲ့ သတင်းအမှား တစ်ခုဖြစ်တယ်ဆိုတာ စိစစ်တွေ့ရှိရပါတယ်။

Ko Thiha ဆိုသူ တင်ထားတဲ့ သတင်းပို့စ်ပါ ဓာတ်ပုံကို စစ်တပ်ထောက်ခံသူ တော်တော်များများက ယူပြီးတော့ ရေးသားမှု ပုံစံအမျိုးမျိုးနဲ့ ပြန်ရေးတင်ပြီး ထပ်ဆင့်ဖြန့်ဝေနေတာကိုလည်းတွေ့ရပါတယ်။ ဒီပို့စ်ကို ထပ်ဆင့် ဖြန့် ဝေသူ၊ ကြိုက်နှစ်သူ တွေလည်း တော်တော်များများရှိနေတာကိုလည်း တွေ့ရပါတယ်။

လက်ရှိကာလမှာဆိုရင် သတင်းအမှား ဖြန့်ဝေသူတွေဟာ စာဖတ်သူတွေရဲ့ အတွေးအခေါ် အမြင်ဝေဝါးသွား အောင် ပြုလုပ်လျက်ရှိပြီး အထူးသဖြင့် အခုအချိန်မှာဆိုရင် PDF ၊ CRPH ၊ NUG အဖွဲ့တွေနဲ့ သက်ဆိုင်တဲ့ သတင်း အမှားတွေ၊ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်းတွေနဲ့ သက်ဆိုင်တဲ့ သတင်းအမှားတွေ၊ တိုက်ပွဲ သတင်းတွေ၊ စစ်ကောင်စီ ခေါင်းဆောင်တွေရဲ့ ပြောဆိုမှု သတင်းအမှားတွေ အပြင် လူမျိုးတစ်မျိုးနဲ့ တစ်မျိုး အဖွဲ့ အစည်း တစ်ခုနဲ့တစ်ခု ပဋိပက္ခ အသွင်ဆောင်စေမယ့် အမုန်းစကား သတင်းအမှားတွေကို ရည်ရွယ်ချက်ရှိရှိ ရေး တင်နေတာကို တွေ့ရပါတယ်။

ဒါကြောင့် လူမှုကွန်ရက်ပေါ်မှာ သတင်းဖတ်သူတွေအနေနဲ့ သတင်းတစ်ခုကို ဖတ်ပြီး ဖြန့်ဝေတော့မယ်ဆိုရင် သတင်းအမှားလား/အမှန်လား ဆိုတာကို အတည်ပြုပေးနိုင်တဲ့ သတင်းဌာနတွေက တက်လာတဲ့ သတင်းတွေနဲ့ သေချာစီစစ်ပြီးမှသာ ပြန်လည် ဖြန့်ဝေဖို့လိုပါတယ်။

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly