စစ်ကောင်စီတပ်အတွက်သေလမ်း

စစ်ကောင်စီတပ်အတွက်သေလမ်း

ဇန်နဝါရီ ၂၆

“ချင်းတွင်းမြစ်ကြောင်းကို ဆန်တယ် စုန်တယ်ဆိုရင် စစ်ကောင်စီတပ်သားတော်တော်များများက သေကြတာများတယ်ဗျ၊ ဒါကြောင့်မို့ပဲ ဒီစစ်ဆင်ရေးကိုလိုက်လာတဲ့ စစ်သားထဲမှာ ဆက်မသွားချင်တော့ဘူး ပြည်သူနဲ့ပူးပေါင်းချင်တယ်ဆိုပြီး စကားသံထွက်လာတာကိုလည်းကျွန်တော်တို့ကြားရတယ် ဒီလိုစစ်ကြောင်းအပို့ခံရရင်သေလမ်းကို အပို့ခံရသလိုပဲလို့ မြင်လာကြတယ်လို့ သိရတယ်”

ကနီမြို့နယ်အတွင်းမှ တော်လှန်ရေးတပ်အား ဦးဆောင်လှုပ်ရှားနေသူများထဲက တစ်ဦးဖြစ်သူ ကိုပြည့်က ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင် စစ်ကောင်စီတပ်သားများ သွေးပျက်နေပုံကို ပြောပြနေခြင်းဖြစ်သည်။ 

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စစ်ကောင်စီတပ် ရေယာဉ်အုပ်စု ရှစ်စင်းပါ စစ်ကြောင်းတစ်ခု ချင်းတွင်းမြစ်ကြောင်းသို့ ဆန်တက်လာခဲ့ကြသည်။ 

ထိုသို့ဆန်တက်လာမည်ကို သတင်းရသည်နှင့်မြစ်ကြောင်းနဘေးရှိ တော်လှန်ရေးအင်အားစုများမှ အသင့်စောင့်ကြိုကာ တိုက်ခိုက်တော့သည်။ တိုက်ခိုက်ရန်နေရာ ငါးခုထက်မနည်း သတ်မှတ်ကာ တီထွင်၊ စမ်းသပ်ပြီးသည့် လက်လုပ်လက်နက်များအား အဆင်သင့်ပြင်ဆင်ထားတော့သည်။ 

ဇန်နဝါရီလ ၂၂ ရက် နေ့လယ်ခင်း ၁နာရီ ဝန်းကျင်အချိန်တွင် တိုက်ခိုက်မှုများစတော့သည်။ 

“ကျွန်တော်တို့ကတော့ဦးဆုံးစပြီး တိုက်ရတဲ့ပွိုင့်ပေါ့ အင်အားလည်းများတယ် ပစ်ကွင်းလည်းသာတယ် အမြင့်ကနေ ပစ်ရတာဆိုတော့ လက်လုပ်အကြီးအသေးတွေနဲ့ဝိုင်းပြီး ပစ်လိုက်ကြတာ ၁၅ မိနစ်လောက်ကြာတယ် ဖလက်ခွန်တစ်စင်းမီးစွဲသွားတဲ့အထိပဲ “ဟု တိုက်ပွဲစတင်ဖြစ်ပွားပုံအကြောင်း ကနီဒေသခံ ဒေါင်းနီအဖွဲ့ဝင်တစ်ဦးကပြောသည်။
 
ထိုနေ့က ဒေါင်းနီတပ်ဖွဲ့မှ လူမှုကွန်ယက်စာမျက်နှာတွင် ထုတ်ပြန်ထားသည့် ရုပ်သံဖိုင်တွင်လည်း ဖလက်ခွန်တစ်စင်း မီးခိုးများအူထွက်နေသည်ကို တွေ့ရသည်။ 

အင်အား ၁၀၀ ဝန်းကျင်ခန့်ပါသည့် စစ်ကောင်စီတပ် အမြန်ယာဉ်နှစ်စင်းနှင့် ဖလက်ခွန်(ကုန်တင်ယာဉ်) ခြောက်စီးသည် အလစ်အငိုက်တိုက်ခိုက်ခံရပြီး အပြင်းမောင်းနှင်းပြေးတော့သည်။ 

မြစ်ကြောင်း အခြားတစ်ဘက်မှ တပ်ဖွဲ့များကလည်း မြစ်ကမ်းအနီးတွင်သဲအိတ်များဖြင့် ဘန်ကာလုပ်ကာ ထပ်မံတိုက်ခိုက်ကြပြန်သည်။ 

ထိုသို့ မြစ်ကမ်းနှစ်ဘက်မှ တော်လှန်ရေးအင်အားစုများ ဝိုင်းဝန်းတိုက်ခိုက်လိုက်သည်မှာ ကနီမြို့အနီး မုဌောရွာအနီးရောက်မှသာ တိုက်ပွဲငြိမ်သက်သွားတော့သည်။ 

တကြော့ပြန် ချင်းတွင်းမြစ်ကြောင်းတိုက်ပွဲတွင်တော့ ဒေသခံများဘက်မှ လက်နက်အင်အားတောင့်တင်းလာကာ ပစ်မှတ်ထိမှန်နိုင်မှုကလည်း အားကောင်းလာကြောင်း ကနီပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်ပိုင်းတစ်ဦးကသုံးသပ်သည်။ 

“ကျွန်တော်တို့နယ်ဘက်မှာ တော်လှန်ရေးအင်အားစုတွေအားပိုကောင်းလာတယ်သူတို့ကိုယ်တိုင်တီထွင်ကြံဆထားတဲ့ လက်နက်တွေက ပိုပြီးတော့ထိရောက်လာတယ် တစ်ချက်ပစ်ရင်တစ်ချက် ပစ်ချင်တဲ့နေရာကို ထိရောက်လာတယ် ဒီတော့ စစ်ကောင်စီတပ်တွေသေတယ် ဒဏ်ရာရတယ် “ဟု ၎င်းကသုံးသပ်သည်။ 

ဇန်နဝါရီလ ၂၃ ရက်နေ့တွင်လည်း ကနီနယ်အတွင်း ဒေသခံပူးပေါင်းတပ်ဖွဲ့မှ ပစ်ခတ်တိုက်ခိုက်မှုတစ်ခုပြုလုပ်ခဲ့သေးသည်။

ထိုနေ့ ၂ ရက်တာထိတွေ့မှုတိုက်ပွဲတွင် စစ်ကောင်စီတပ်သား ဗိုလ်တစ်ဦးအပါအဝင် သုံးဦးသေဆုံးကာ ခြောက်ဦးဒဏ်ရာရသည်ကို သတင်းအတိအကျ ပြန်ကြားရကြောင်း ၎င်းကဆက်ပြောသည်။ 

“၂၃ ရက်နေ့ညကျတော့ ကနီမြို့မှာ စစ်ကောင်စီတပ်တွေရောက်လာတယ် ၊သုံးယောက်ကို သဂြိုလ်တယ် ၊သုံးယောက်ထဲမှာဗိုလ်တစ်ယောက်ပါတယ် သူကမကြာသေးခင်ကမှ မင်္ဂလာဆောင်ထားတာဖြစ်နိုင်တယ် ၊လက်ထပ်လက်စွပ်ကို သဂြိုလ်ပေးတဲ့နေရာကနေပြန်တောင်းတယ်သိရတယ် နောက်ထပ် ဒဏ်ရာရတဲ့ ခြောက်ယောက်ကိုကျတော့ ကနီမြို့ပြည်သူ့ဆေးရုံမှာ ဆေးကုသမှုခံယူတယ်လို့သိရတယ် “ဟု ကနီမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် ခေါင်းဆောင်တစ်ဦးဖြစ်သူကအတည်ပြုပြောကြားသည်။ 

“ဘဏ္ဍာငွေသေတ္တာများပေါ်နှင့် ဖလက်ခွန်များပေါ်တွင် သွေးများရွှဲနေသည်ကိုပင် တွေ့ခဲ့ရပုံကို “သတင်းပြန်ကြားရကြောင်း ၎င်းက ထပ်မံပြောကြားသည်။ 

ထိုနေ့တွင် ကနီမြို့နယ် ဆိပ်ကမ်းတွင် ဆန်အိတ် ၁၀၀ ကျော်နှင့် ထိုဘဏ္ဍာငွေသေတ္တာများအား ချသွားသည်ဟုလည်း သိရသည်။ 

“ယခုတစ်ကြိမ်သည် ငွေနှင့် ဆန်ရိက္ခာအများစု သယ်ဆောင်စုဆောင်းသည်ကိုတွေ့ရပြီး ထိုအချက်သည်ကနီနယ်၏ အချက်အချာကျတဲ့ရွာတွေဟာ ကုန်းတွင်းပိတ်ရွာများဖြစ်တာကြောင့်  ကနီနယ်ကို ရိက္ခာဖြတ်သည့်ဗျူဟာတွေသုံးသည့်အခါ ရိက္ခာရနိုင်အောင် ကြိုတင်စုဆောင်းနေတာ ဖြစ်နိုင်ကြောင်း “စစ်ကောင်စီ၏ ယခုတစ်ကြိမ်ရေကြောင်း ဆန်တက်လာသည့်အခြေအနေကို ဒေသခံတော်လှန်ရေးသမားတစ်ဦးကသုံးသပ်သည်။ 

ချင်းတွင်းမြစ်ကြောင်းနဘေး ကနီနယ်တွင် စစ်ရေးထိတွေ့မှုဖြစ်ပွားရာဒေသအချို့သည် ကုန်းတွင်းပိတ်ရွာ (ရေလမ်းသာသွားလာရန်လွယ်ကူသည့်ရွာ) များဖြစ်ရာ ထိုဒေသအား စစ်ကောင်စီတပ်များစီးနင်းရာတွင် ရိက္ခာပြတ်တောက်မည့်အရေးအတွက် ကြိုတင်ပြင်ဆင်နေခြင်းဖြစ်နိုင်သည်ဟု သုံးသပ်ခြင်းဖြစ်သည်။ 

“ဒါ့အပြင် ကနီနယ်က ပျူရွာတစ်ရွာကို လွန်ခဲ့တဲ့လက ၆ လစာစားသုံးနိုင်တဲ့ ရိက္ခာကြိုတင်စုဆောင်းထားဖို့ ညွှန်ကြားတာရှိခဲ့ဘူးတယ်။ လတ်တလောအထိ ဆန် ဆီတွေ အကြွေးယူစုဆောင်းနေကြတဲ့ ပျူတွေ အများအပြားရှိတယ်။ ဒါ့ကြောင့် ၆ လအတွင်းမှာ ကနီနယ်ကို ရိက္ခာဖြတ်ဖို့အတွက် အမျိုးမျိုး တစစလုပ်ဆောင်နိုင်တဲ့ အနေအထားဖြစ်တယ် “ဟုလည်း ၎င်းက ထပ်မံသုံးသပ်သည်။ 

ဇန်နဝါရီလ ၂၂ ရက်နေ့တွင် စတင်ဆန်တက်လာသည့် ထိုစစ်ကြောင်းသည် နှစ်ရက်ထိတွေ့မှုအတွင်း အထိနာသည့်အတွက်  ကြွက်မနိုင် ကျည်မီးနှင့်ရှို့တော့သည်။

ကနီမြို့နယ် အတွင်းချင်းတွင်းမြစ်ကမ်းနဘေး မေးတင်ကာ တည်ထားသည့် မုဌောအရှေ့ကျေးရွာနှင့် နတ်ကြီးကျေးရွာများရှိနေအိမ်များအား မီးဝင်ရှို့ကြခြင်းဖြစ်သည်။ 

ဇန်နဝါရီလ ၂၂ ရက်နေ့ ညနေ ၃ နာရီခွဲအချိန်တွင် မုဌောအရှေ့ကျေးရွာမှ နေအိမ် ၁၁ လုံးနှင့် နတ်ကြီးရွာမှ နေအိမ် ၃၁ လုံးစုစုပေါင်း နေအိမ် ၄၂ လုံးမီးရှို့ခံရကာ ဒေသခံပြည်သူ ၈၀၀ ကျော် အိုးအိမ်မဲ့ဖြစ်ခဲ့ရသည်။ 

“မီးရှို့ခံရတဲ့ အိမ်တွေထဲမှာ CDM ဝန်ထမ်းတွေရဲ့ အိမ်၊ NLD ကိုထောက်ခံတဲ့ အမာခံပြည်သူတွေရဲ့အိမ်တွေ ပါတယ်။ တစ်ချို့CDM ဝန်ထမ်းအိမ်ဆိုရင် မြစ်ကမ်းဘေးလည်းမရှိ တောထဲရှိနေတဲ့ နေရာအထိ စကစ က မီးသွားရှို့ဖျက်ဆီးခဲ့တာလည်းရှိခဲ့တယ်။ ဒီလိုရှို့တာဟာ ရည်ရွယ်ချက်ရှိရှိ နဲ့ ဒေသခံသတင်းပေး ဒလန်တွေနဲ့ သေချာလုပ်ခဲ့တာဖြစ်နိုင်တယ်။ သတိပြု သင့်ပါတယ် “ဟု ကနီပြည်သူ့ကာကွယ်ရေးတပ်မှ ကိုပြည့်က ပြောသည်။ 

ထိုမုဌောကျေးရွာမှပင် အသက် ၃၀ အရွယ် စိတ်ပေါ့သွပ်သူ အမျိုးသားတစ်ဦးအား စစ်ကောင်စီတပ်မှ ဖမ်းဆီးသတ်ဖြတ်မှုပြုလုပ်ခဲ့သေးကြောင်း ၎င်းကထပ်ပြောသည်။ သေဆုံးသူမည်သူမည်ဝါကိုမူ အတိအကျမသိရသေးပေ။ 

မိုင်ပေါင်း ၆၀၀ နီးပါး ရှည်လျားသည့် ချင်းတွင်းမြစ်ကြောင်းသည် စစ်ကောင်စီတပ်များ စစ်ကိုင်းတိုင်းအတွင်း လက်နက်ရိက္ခာသယ်ယူရွှေ့ပြောင်းရန်နှင့် ကျောက်စိမ်းတွင်းများဒေသအားမြစ်ဖျားခံရာ ဥရုမြစ်လက်တက်ဘက်မှ ဘဏ်ဏာများသယ်ယူရာတွင် အခရာကျသည့် မြစ်ကြောင်းတစ်ခုဖြစ်သည်။ 

ထိုမြစ်ကြောင်းအား ဒေသခံကာကွယ်ရေးတပ်များ ထိန်းချုပ်နိုင်ရန်အတွက် စစ်ကောင်စီတပ်သားများနှင့်လက်နက်အင်အား ကွာခြားနေသေးသည်က အတားအဆီးတစ်ခုဖြစ်နေသေးကြောင်း ဒေသခံတော်လှန်ရေးခေါင်းဆောင်တစ်ဦးက သုံးသပ်
ပြောဆိုသည်။ 

“ချင်းတွင်းမြစ်ကြောင်းကို စစ်ကောင်စီတပ်တွေလုံးဝမသွားနိုင်ဖို့ဆိုရင် ဒီထက်လက်နက်တွေပိုကောင်းတဲ့လက်နက်အစစ်တွေရှိလာဖို့နဲ့ တော်လှန်ရေးအင်အားစုတွေပိုပြီး စည်းစည်းရုံးရုံးပိုဖြစ်ဖို့လိုပါတယ်”ဟု ၎င်းကပြောသည်။ 

“စကစ ဟာ ရှုံးနေတာ သိသိကြီးနဲ့ ဆက်လက်ယုတ်မာနေမည်မှာအမှန်။ရှုံးမဲမဲ နေမည်မှာ သူတို့၏ အလုပ်မို့ ပြည်သူအများ သတိပြုနေထိုင်လှုပ်ရှားဆောင်ရွက်ကြပါ။ ငါတို့အားလုံး ကြောက်နေလို့ကတော့ ရှေ့မရောက်နိုင်ပါ။ စကစ ကို ရတဲ့နေရာ ရတဲ့ ထောင့်ကနေ အစွမ်းကုန်တော်လှန်ကြခြင်းဖြင့် တော်လှန်ရေးခရီး အောင်မြင်သည်အထိရှေ့ဆက်ကြပါ “ဟုလည်း ၎င်းကတိုက်တွန်းပြောဆိုသည်။

------------------------
လွတ်လပ်တဲ့ မီဒီယာအဖြစ် ရပ်တည်နိုင်ရေး မဇ္ဈိမကို ဝိုင်းဝန်းကူညီပေးဖို့ ဖိတ်ခေါ်ပါတယ်။ 
သင်ရဲ့ ကူညီမှုကို အောက်ပါလင့်ကို နှိပ်ပြီး လုပ်ဆောင်နိုင်ပါတယ်။ 
Follow the link : https://bit.ly/2VhJ12U

နောက်ဆုံးရသတင်းတွေကို နေ့စဉ် အခမဲ့ဖတ်ရှုနိုင်ဖို့ သင့် အီးမေးလ်ကို ဒီနေရာမှာ စာရင်းသွင်းလိုက်ပါ။

* indicates required

Mizzima Weekly